Monday, 3 November 2014

ဒီလမ်းကိုစလျှောက်ကတည်းက ပြန်လှည့်ဖို့ မရည်ရွယ်ပါဘူးဆိုတဲ့ သန်းပိုင်


နေပြည်တော်မှာ ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုကို ရန်ကုန်ယူနိုက်တက်အသင်းက ဆိုရရင် ဘောလုံး ကင်းထောက်တွေ သွားကြည့်ခဲ့ပါတယ်။ အဲ့ဒီမှာ အရပ်ရှည်ရှည် ကလန်ကလားနဲ့ ကလေးတစ်ယောက်ကို YUFC တာဝန်ရှိသူတွေက တွေ့ရှိပြီး အသင်းရဲ့ လူငယ်စီမံကိန်းမှာ ထည့်သွင်းဖို့ ခေါ်ယူခဲ့ပါတယ်။ ဒါဟာ နောင်တစ်ချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို အစပျိုးလိုက်တယ်ဆိုတာ အဲ့ဒီအချိန်က ဘယ်သူမှ သိမယ်မထင်ပါဘူး။
YUFC ကနေ ယူ ၁၉ အသင်းအတွက် သွားအရွေးခံတဲ့အချိန်မှာ သူ့ဘ၀ရဲ့ အလှည့်အပြောင်းကြီး စတော့မယ်ဆိုတာ အဲ့ကလေး ကိုယ်တိုင် သိမယ် မထင်ပါဘူး။ ဒါပေမယ့် သေချာတာက ဘ၀နာနေတဲ့ သူ့အတွက် ဒါဟာ ထွက်ပေါက်ဆိုတာတော့ သူရေးရေး နားလည်နေပါပြီ။
ယူ ၁၉ ပဏာမ အသင်းမှာ သူအရွေးခံရပါတယ်။ ဒီလိုနဲ့ သူ့ဘ၀ရဲ့ အနာဂါတ်မျှော်လင့်ချက်တွေကို တနင့်တပိုး ထမ်းပိုးပြီး သူ့အားမာန်တွေကို လေ့ကျင့်ကွင်းတွေမှာ အသုံးချပါတော့တယ်။ ဒါပေမယ့် တောက်မယ့်မီးခဲအတွက် ကံဇာတ်ဆရာက လွယ်လွယ်နဲ့တော့ အခွင့်အရေး မပေးခဲ့ပါဘူး။
တစ်ရက်မှာ YUFC တာဝန်ရှိသူတွေထံ ခွင့်ပန်ပြီး “သူ” သီပေါပြန်သွားပါတယ်။ သတ်မှတ်ခွင့်ပြည့်တဲ့ အချိန်ထိ YUFC အဆောင်ကို ဒီကလေး ရောက်မလာခဲ့ပါဘူး။ လူငယ်အသင်း နည်းပြချုပ် ဦးအေးနိုင်က ဒီကလေးကို မရရအောင် ပြန်လည် ဆက်သွယ်ခဲ့ပါတယ်။
အံ့အားသင့်ဖွယ်ပါ။ ဘ၀ရဲ့ ပြဿနာကြောင့် ဒီကလေးဟာ ရန်ကုန်ကိုပြန်ဖို့ လမ်းစရိတ်တောင် ရှိမနေခဲ့ပါဘူး။ ရန်ကုန်အပြန် လမ်းစရိတ်ရဖို့ ဒီကလေးဟာ ပန်းရန်အလုပ်သမားအဖြစ် လုပ်ကိုင်နေကြောင်း YUFC တာဝန်ရှိသူတွေ သိခဲ့ကြပါတယ်။
ဒီကလေးရဲ့ ခြေစွမ်းနဲ့ ကြိုးစားမှုကို သိတဲ့ ရန်ကုန်လူငယ်အသင်း နည်းပြချုပ်က YUFC အသင်းထံ ချက်ချင်း ပြန်လာဖို့ ခေါ်ခဲ့ပါတယ်။ ရန်ကုန်ပြန်လာနိုင်ဖို့လည်း အကုန်လုံး စီစဉ်ပေးခဲ့ပါတယ်။
ရန်ကုန်လူငယ်အသင်း နည်းပြချုပ်ဟာ အရမ်းကို မှန်ကန်တန်ဖိုးရှိတဲ့ အလုပ်တစ်ခုကို ပြုလုပ်ခဲ့တာပါ။
ရန်ကုန်လူငယ်အသင်းနည်းပြဟာ နယ်ပြန်သွားတဲ့ (ယင်းအချိန်က လူငယ်အသင်းမှာ ပွဲထွက်ခွင့်တောင်မရသေးတဲ့) ကစားသမားတစ်ဦးကို မရမက ပြန်လည်ဆက်သွယ်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့တာ ဂုဏ်ယူစရာပါ။
ဒီနောက်တော့ ပြိုင်ပွဲတွေ ကစားရင်း ကစားရင်း ဒီကလေးကို လူသိလာပါတယ်။ မြန်မာတိုင်း အိမ်မက်တောင် မမက်ရဲတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သူ့ရဲ့ဂိုးနဲ့ ပို့ဆောင်ပြီး သူက တစ်တိုင်းပြည်လုံးရဲ့ အသည်းနှလုံးကို ကိုင်လှုပ်၊ ချစ်ချင်းတွေ အကုန် သိမ်းပိုက်လိုက်ပါတယ်။
တစ်ချိန်က ဒီမြို့လေးကနေ သူထွက်လာဖူးတယ်။ အဲ့ဒီမြို့လေးကိုပဲ သူအခေါက်ခေါက် ပြန်ဖူးတယ်။ အရာရာအားလုံးက တိတ်တိတ်ဆိတ်ဆိတ်။ လူမသိသူမသိ။
အခု သူ သူ့မြို့လေးကို အလည်ပြန်ခဲ့တယ်။ အရာရာအားလုံးနဲ့ ဆန့်ကျင်စွာပါ။ တစ်မြို့လုံး ဗြောင်းသတ်နေအောင် အုံးအုံးထ သူ့ကို ကြိုဆိုကြတယ်။ သူလာတဲ့လမ်း ပန်းဖြစ်စေ။ သူတို့မြို့ရဲ့ သူရဲကောင်းအတွက် အားလုံး မျက်နှာမှာ ဂုဏ်ယူမှုတွေ။
***** သူ ဘယ်သူလဲ။ ကျနော် မပြောတော့ပါဘူး။ ခင်ဗျားတို့သိရင် နာမည်ချရေးပေးကြပါ *****
(စာကြွင်း - မနေ့ညက YUFC အဆောင်ကိုရောက်တော့ သိလာရတဲ့ အကြောင်းအရာ တစ်ခု (ပန်းရန်အလုပ်သမားလုပ်ခဲ့ခြင်း) ကို အခြေတည်ပြီး ရေးခဲ့တာပါ။ လူငယ်တိုင်းအတွက် ကြိုးစားချင်တဲ့စိတ်ရှိရင် ဘာမဆို ဖြစ်တယ်ဆိုတာ သူက ပြခဲ့ပါတယ်။ ဒါက သူ့ဘ၀ရဲ့ အစိတ်အပိုင်း သေးသေးလေးပါ။ လူမမာ ဖခင်ကြီးနဲ့ မိသားစု ဘ၀ ပြဿနာတွေကြားထဲကနေ သူ အားကစားနဲ့ ရုန်းထွက်နိုင်အောင် ကြိုးစားခဲ့တာတွေ အများကြီး ကျန်ပါသေးတယ်။ သူ့လိုပဲ ယူ ၁၉ အသင်းက ကလေးတွေမှာ လွယ်လွယ်မဟုတ်ဘဲ ရုန်းကန်ခဲ့ရတဲ့ ကလေးတွေ အများကြီး ရှိနိုင်ပါတယ်။ ပွဲမြင်ကွင်း၊ ပွဲ Play တွေထက် ကြိုးစားရုန်းကန်ခဲ့ရတာတွေကို မီဒီယာတွေ ရေးသားတာ ဖတ်ချင်ပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်လေး တစ်ခုကို ချပြပြီး ဒီလိုအဖြစ်အပျက်ပေါင်း များစွာကို ဖော်ထုတ်ရေးသားကြပါလို့ တိုက်တွန်းပါတယ်ဗျာ။ လွန်တာရှိ ၀န္ဒာမိပါ)
From: U Bo Htun

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...