Monday, 3 November 2014

မြန်မာပြည် နေရာအနှံ့မှာ ရှိနေတဲ့ တစ္ဆေသရဲများ




ဒေါက်ကလပ်စ်လောင်း
ဟစ်ပ်ဟော့ပွဲတစ်ပွဲက အ၀င်ဝမှာ လက်မှတ်သိမ်းနေသူ တစ်ဦးဟာ အမျိုးသမီးငယ်တစ်ဦး
လက်မှတ်မပြဘဲ ဖြတ်ဝင်သွားတာကို သတိထားလိုက်မိပါတယ်။

လက်မှတ်တောင်းဖို့ လှည့်ပတ်ကြည့်လိုက်တော့ သူ့ရှေ့မှာတင် ကောင်မလေး ပျောက်သွားပါ
တယ်။

နောက်တော့ အဲဒီဂီတ ဖျော်ဖြေပွဲက ဒီဂျေကလည်း ခန်းမတစ်နေရာကနေ သူ့ကို အမျိုးသမီး
တစ်ဦး စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတာကို သတိထားမိလိုက်ပါတယ်။

သုံး-လေးစက္ကန့် အကြာမှာတော့ ပျောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဒီဂျေစက်လည်း
ပျက်သွားပါတယ်။

မဂ္ဂဇင်းတစ်စောင်ရဲ့ အယ်ဒီတာတစ်ဦးဟာ သူအလုပ်လုပ်ရာ ရုံးခန်းလေးဆီ လျှောက်လာနေပါ
တယ်။

ရုံးခန်းထဲက စားပွဲတစ်ခုမှာ အ၀ါရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ဦး ထိုင်နေတာကို ပြတင်းပေါက်
ကနေ သူ လှမ်းတွေ့လိုက်ပါတယ်။

ဒါပေမဲ့ အခန်းရှေ့ရောက်တော့ ရုံးခန်းက အပြင်ကနေ သော့ခတ်ထားတာကို သူတွေ့လိုက်ရပါ
တယ်။

အခန်းတံခါးတောင် သော့မဖွင့်ရသေးဘူးဆိုတော့ တခြားလုပ်ဖော် ကိုင်ဖက်တွေ
ရုံးမရောက်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

ခုနက အ၀ါရောင် ၀တ်စုံနဲ့ အမျိုးသမီး ရှိနေတဲ့နေရာကို ပြန်ကြည့်လိုက်တော့ နေရာမှာ
မရှိတော့ပါဘူး။

မြို့ထဲက ရုံးခန်းတစ်ခုမှာ ၀န်ထမ်း လေးယောက်လောက်ဟာ ရုံးချိန် နောက်ပိုင်းမှာ
အိမ်မပြန်သေးဘဲ ဖေ့စ်ဘွတ်ခ်သုံးနေကြပါတယ်။

တစ်ယောက်ယောက်က ဒေါက်ဖိနပ်စီးပြီး ရုံးခန်းထဲမှာ လှည့်ပြီးသွားနေတဲ့ အသံကို သူတို့
လေးယောက်စလုံး ကြားလိုက်ပါတယ်။

ကွန်ကရစ်ကြမ်းပြင် ပေါ်မှာ 'တဒေါက်ဒေါက်'နဲ့ လျှောက်လာနေတဲ့ ဒေါက်ဖိနပ်သံက သုံးလေး
မိနစ်လောက် ရပ်သွားပြီးမှ လာရာလမ်းအတိုင်း ပြန်သွားတဲ့အသံ ပြန်ထွက်ပေါ်လာပါတယ်။

အဲဒီအချိန်မှာ ဒေါက်ဖိနပ်စီးတတ်တဲ့သူ တစ်ယောက်မှ ရုံးမှာ မရှိတော့ပါဘူး။

စိတ်ကူးယဉ်အကြောင်းအရာတွေထက် ပိုပြီးဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ

တစ္ဆေခြောက်တဲ့အကြောင်း မေးမြန်းကြည့်လိုက်ရင် ရန်ကုန်ကလူတွေ တိုင်းနီးပါးမှာ
ပြောပြစရာတွေ ရှိနေတတ်ပါတယ်။

သူတို့ကိုယ်တိုင် ကြုံတာမျိုး၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေ
သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကို ပြောပြကြပါတယ်။

ဒီလိုတစ္ဆေပုံပြင်တွေကို မြန်မာနိုင်ငံအကြောင်း ဖြစ်ရပ်မှန်ဖော်ပြထားတဲ့ စာအုပ်တွေမှာလည်း
တွေ့ရပါတယ်။

Pascal Khoo Thwe ရဲ့ From the Land of Freen Ghosts (2002) စာအုပ်မှာတော့
မကောင်းတဲ့ဝိညာဉ် အဖြစ် စွဲမြဲယုံကြည်ထားလေ့ရှိတဲ့ အသတ်ခံလိုက်ရသူ၊ ဒါမှမဟုတ်
မတော်တဆ သေဆုံးသွားရသူ အစိမ်းသေတွေကြောင့် ကြောက်လန့်ခဲ့ကြရတဲ့ အကြောင်းကို
ဖော်ပြထားပါတယ်။

၁၉၈၈ အရေးအခင်းမှာ ပါဝင်တဲ့ ကျောင်းသားအုပ်စု တစ်စုဟာ မြန်မာအစိုးရဲ့ ရန်က လွတ်အောင်
ထိုင်းနယ်စပ်နားက တောင်တန်းတွေဘက်ဆီ ထွက်ပြေးကြရာမှာ စာရေးသူ ပါစကယ်ခူးသွယ်
ကိုယ်တိုင်လည်းပါဝင်ခဲ့ပြီး တစ်ညမှာ သူ့စောင်ကို တစ်ယောက်ယောက်က လာဆွဲနေသလို
ခံစားလိုက်ရပြီး နိုးလာပါတယ်တဲ့။

သူ့စောင်ကို လာဆွဲနေတဲ့ လက်သည်တွေကို သူ တွေ့လိုက်ရပါပြီ။

"မျက်နှာကို တစ်ဖက်လှည့်ထားပြီး ဆောင့်ကြောင့်ထိုင် အနေအထားနဲ့ တုန်ယင်ပြီး ညည်းညူ
နေကြပါတယ်။ တချို့ကတော့ ယူနီဖောင်းဝတ်နဲ့၊ တချို့ကတော့ အရပ်သားဝတ်နဲ့ပါ။ သူတို့အားလုံ
စိုရွှဲနေကြပြီး ဖြူဖပ်ဖြူရော် ဖြစ်နေကြပါတယ်။ ရုတ်တရက်လေပြင်းတစ်ချက် တိုက်လာပြီး
သူတို့လည်း မီးခိုလိုပဲ ပျောက်သွားပါတယ်" လို့ စာအုပ်နောက်ပိုင်းမှာ ပါစကယ်က
ဖော်ပြထားပါတယ်။

သူတို့ စခန်းချထားတဲ့နေရာဟာ ကရင်နီ သူပုန်တွေကြောင့် သေသွားကြတဲ့ မြန်မာစစ်သားတွေကို
ထုံးတမ်းစဉ်လာအတိုင်း မသင်္ဂြိုဟ်ဖြစ်ဘဲ အလျင်စလိုမြေမြှုပ်ခဲ့တဲ့ နေရာဖြစ်နေတာကို စာရေးသူနဲ့
တခြားလုပ်ဖော်ကိုင်ဖက်တွေဟာ နောက်မှ သိလိုက်ကြရပါတယ်။

စာရေးဆရာမ မသိင်္ဂီကလည်း ထောင်ထဲက သူ့ရဲ့ အတွေ့အကြုံအကြောင်း ရေးထားတဲ့ Nor Iron
Bars a Cage (2013) မှာ အကျဉ်းသားတွေ ထားရာ ခန်းမရဲ့ အပေါ်ထပ်မှာ တစ္ဆေခြောက်တဲ့
ညတစ်ညအကြောင်းကို ဖော်ပြထားပါတယ်။

"အဲဒီနေ့မှာ နေ၀င်ချိန်ကတည်းက ကျွန်မ ကြက်သီးမွေးညင်းတွေ ထနေတာ။ ည ၉ နာရီ
ကင်းသံချောင်းခေါက်ပြီးတဲ့အချိန်မှာ အကျဉ်းတိုက်ထဲက အကျဉ်းသူတချို့ အိပ်ဖို့ပြင်ဆင်နေကြ
ပါပြီ။ ရုတ်တရက် ချောက်ချားဖွယ် ဆွဲဆွဲငင်ငင် ငိုကြွေးသံတွေ ထွက်ပေါ်လာပြီး နောက်ဆုံးမှာ
တစ်ပြိုင်တည်း ညီတူညာတူ ငိုကြွေးနေသံကြီးမျိုး ဖြစ်လာပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ ပြိုင်တူ
အော်မြည်နေတဲ့ အသံတွေကို ကျွန်မတို့ အားလုံး ကြားကြပါတယ်"လို့ စာအုပ်ထဲမှာ
ဖော်ပြထားပါတယ်။

တချို့ အကျဉ်းသူတွေက သွေးပျက်ပြီး ပတ်ပြေးနေတဲ့အချိန်မှာ သိပ်မကြောက်တတ်တဲ့
အကျဉ်းသူတစ်ဦး တွေ့လိုက်ရတာကတော့ "ခန်းမရဲ့ အစွန်ဆုံးဘက်နားမှာ အိပ်ရတဲ့သူတွေရဲ့
နေရာမှာ အမျိုးသမီးတစ်စု တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကုတ်ဖဲ့ပြီး သတ်ပုတ်နေကြ
တာပါ။ သူတို့ရဲ့ ဆံပင်ရှည်တွေကလည်း ဖားလျားချပြီး မျက်နှာပေါ်မှာ အုပ်နေပါတယ်။ ဒါကြောင့်
သူတို့ ဘယ်သူဘယ်ဝါဆိုတာ မမြင်ရဘူး" လို့ စာအုပ်ထဲမှာ ရေးထားပါတယ်။

သိပ္ပံနည်းကျ အဖြေထုတ်လို့ မရတဲ့ တစ္ဆေခြောက်တဲ့ဖြစ်ရပ်တွေ

တစ္ဆေခြောက်တဲ့အကြောင်းကို စာနဲ့ရေးထာတာပဲဖြစ်ဖြစ်၊ ပါးစပ်နဲ့ပဲ ပြောကြတာပဲဖြစ်ဖြစ်
မြန်မာနိုင်ငံမှာတော့ တစ္ဆေခြောက်ခံရတဲ့ အကြောင်းကို သူတို့ နေ့စဉ်ဘ၀ရဲ့ သာမန်အဖြစ်အပျက်
လိုပဲ အချင်းချင်းပြောပြကြ၊ ယုံကြည်ကြပါတယ်။

ဒီလိုပြောပြတတ်ကြတာဟာ တစ္ဆေပုံပြင်တွေ အကြောင်းပြောပြရာမှာ သည်းထိတ်ရင်ဖိုဖန်တီးမှုကို
ရှောင်ရှားဖို့ဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထုတ် The Asia Pacific Journal of
Anthropology မှာ ဖော်ပြထားတဲ့ Terminally Haunted ဆိုတဲ့ အက်ဆေးမှာ ဂျိမ်းဖာဂူဆန်က
မှတ်ချက်ချထားပါတယ်။

မင်္ဂလာဒုံလေဆိပ်မှာ လေယာဉ်အမှုထမ်းတွေ၊ ခရီးသည်တွေရဲ့ အိတ်တွေကို အတင်အချ
လုပ်ပေးသူတွေနဲ့ ဆက်သွယ်ရေး တာဝါ၀န်ထမ်းတွေ လေဆိပ်ဥပစာနေရာမှာ တစ္ဆေတွေ့ကြတဲ့
အကြောင်းအပါအ၀င် ဘန်ကောက်က သုဝဏ္ဏဘုမ္မိလေဆိပ်နဲ့ ရန်ကုန်က မင်္ဂလာဒုံလေဆိပ်က
ဝန်ထမ်းတွေကြားမှာ အပြောများတဲ့ တစ္ဆေပုံပြင်တွေအကြောင်း သူ့စာအုပ်မှာ ဖော်ပြထားပါတယ်။

လေယာဉ်မှူးတွေလည်း တစ္ဆေခြောက်ခံရတဲ့ ဒဏ်က မလွတ်ပါဘူး။

"လေယာဉ်မှူးအခန်းထဲ ၀င်ရုံပဲရှိသေးတယ်၊ ဘယ်ခလုတ် တစ်ခုကိုမှ မထိရသေးဘဲနဲ့
အော်တိုစက်နှိုးတဲ့ စနစ်က ပွင့်နှင့်နေပြီးသားဖြစ်နေတယ်လို့ မြန်မာ့လေကြောင်းလိုင်းက
လေယာဉ်မှူးတွေ သတင်းပို့တယ်"လို့ တာဝါတိုင်ဝန်ထမ်းတစ်ဦးက ပြောပြတာကို
ဖော်ပြထားပါတယ်။

၁၉၆၇ ခုနှစ်မှာ အမေရိကန်ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင် Melford Spiro ထုတ်ဝေခဲ့တဲ့
Burmese Supernaturalism စာအုပ်မှာ ဖော်ပြထားတဲ့ "အတိတ်ဘ၀မှာ ကျူးလွန်ခဲ့တဲ့
မကောင်းမှုရဲ့ အကျိုးဆက်အဖြစ် ခန္ဓာကိုယ်မဲ့တဲ့ ၀ိညာဉ်တွေအဖြစ် ပြန်မွေးဖွားလာသူတွေ"လို့
ဒီလေဆိပ်က တစ္ဆေ (သို့) သရဲတွေကို ဖာဂူဆန်က သတ်မှတ်ထားပါတယ်။

တစ္ဆေတွေဟာ လူတွေကို နာမကျန်းဖြစ်စေတယ်၊ ရောဂါဖြစ်စေတယ် ဒါမှမဟုတ် ကံမကောင်းမှု
တွေ ဖြစ်စေတယ်လို့ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသတွေက ရွာသူရွာသားတော်တော်များများ
ယုံကြည်ထားကြပါတယ်။

Spiro ရဲ့ သုတေသနပြုချက်အရ တစ္ဆေသရဲတွေဟာ ရွာပြင်မှာ အထူးသဖြင့် သူတို့ရဲ့ အစာဖြစ်တဲ့
အလောင်းတွေရှိတဲ့ သင်္ချိုင်းတွေမှာ နေကြတယ်လို့ ရွာသားတွေက ယုံကြည်ထားကြပါတယ်။

"သူတို့ဟာ သက်ရှိလူတွေရဲ့ အသားကိုလည်း ကြိုက်ကြပါတယ်။ ဒါပေမဲ့ အရမ်းကို ဆာလောင်
လာတဲ့အခါ ဒါမှမဟုတ် စုန်းမတစ်ကောင်ရဲ့ ခိုင်းစေမှုကြောင့် လူတစ်ဦးဦးကို တိုက်ခိုက်ပြီး
စားသောက်ဖို့အတွက် ရွာထဲကို တစ်ခါတလေ ၀င်လာတတ်တယ်လို့လည်း သူတို့က
ပြောပြကြတယ်"လို့ သူ့စာအုပ်မှာ ရေးထားပါတယ်။

ဒါပေမဲ့ အခုခေတ် ရန်ကုန်မှာနေတဲ့ သူတွေကတော့ တစ္ဆေကို မကောင်းတဲ့ အမျိုးအစားတစ်ရပ်
အဖြစ် သိပ်မမြင်ကြတော့ဘဲ "တစ္ဆေတွေဆိုတာ သေဆုံးသွားသူတွေရဲ့ မကျွတ်တဲ့ ၀ိညာဉ်တွေလို့
မြင်ကြတယ်"လို့ Spiro က ဖော်ပြထားပါတယ်။

လူတစ်ဦးဦး ကွယ်လွန်သွားတဲ့အချိန်မှာ အသုဘအခမ်းအနားကို အစဉ်အလာအတိုင်း မလုပ်မိရင်
"သေသူရဲ့ လိပ်ပြာဟာ သူမသေခင်က ဘ၀ကို စွဲလမ်းနေပြီး သူအရင် နေခဲ့ဖူးတဲ့နေရာမှာ
ဆက်နေနေတဲ့အတွက် တစ္ဆေဖြစ်သွားပြီး လူတွေကို ကြောက်လန့်တကြားဖြစ်စေတယ်"လို့
ဆိုကြပါတယ်။

သာဓကအနေနဲ့ ပြရမယ်ဆိုရင် ရန်ကုန်မြို့လယ်က သူ့ရုံးခန်းထဲမှာ ထိုင်နေတဲ့ အ၀ါရောင်ဝတ်စုံနဲ့
အမျိုးသမီးကို တွေ့ခဲ့တဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ မယဉ်မင်းထွန်းကတော့ တစ္ဆေကို တွေ့လိုက်တဲ့
အချိန်မှာ လန့်သွားပေမယ့် တစ္ဆေက သူ့ကိုဖမ်းစားလိုက်မှာကိုတော့ မကြောက်မိဘူးလို့
ပြောပါတယ်။

"တစ္ဆေတွေက လူတွေကို ဘာမှ မလုပ်နိုင်ပါဘူး။ သူတို့က လူတွေကို နာကျင်အောင် မလုပ်နိုင်ပါ
ဘူး။ ကျွန်မကတော့ တစ္ဆေထက် လူတွေကို ပိုကြောက်တယ်ရှင့်"လို့ သူက ပြောပါတယ်။

တစ္ဆေသရဲတွေဟာ လူတွေကို ရောဂါဖြစ်စေနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုကို သူက
လက်မခံပါဘူး။

"နာမကျန်းဖြစ်တာကတော့ တစ္ဆေကို တွေ့လိုက်ရပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ စိတ်တွင်း
ကြောက်လန့်မှုဖြစ်ခြင်းရဲ့ အကျိုးဆက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ္ဆေရဲ့ လူတွေကို
နေမကောင်း ဖြစ်အောင် လုပ်နိုင်တဲ့ အစွမ်းကြောင့်တော့ မဟုတ်ပါဘူး"လို့ သူ့အမြင်ကို
ရှင်းပြပါတယ်။

From:myanmar time

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...