Saturday, 22 November 2014

ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မြန်မာတို့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားဟု သတိပေး

တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မြန်မာတို့သည် အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားသော ထိပ်တန်း ၁၃ နိုင်ငံ စာရင်းတွင် ပါဝင်လာကြကြောင်း နောက်ဆုံး ထုတ်ပြန်လိုက်သည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု ညွှန်ကိန်းအစီရင်ခံစာက ဖော်ပြထားသည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာကို သြစတြေးလျ အခြေစိုက် စီးပွားရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုက ထုတ်ပြန်ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံး၏ ၈၂ ရာခိုင်နှုန်းသော အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အဓိက ငါးနိုင်ငံစာရင်း ထွက်ပေါ်လာပြီး နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ ဖြစ်ကြသည်။

အာရှနိုင်ငံများတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေ ပိုမြင့်သည့် နိုင်ငံများမှာ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး ယင်းနိုင်ငံများတွင် ခွဲထွက်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများ ရှိနေသည်။

“ကမ္ဘာအနှံ့ အကြမ်းဖက်ဝါဒ ခေါင်းထောင်လာနေတယ် ဆိုတာကို လက်ခံရမှာပါ။ အာဖရိကမှာလည်း ဒီအတိုင်းပါပဲ။ ၂၀၁၃ ခုနှစ်က အကြမ်းဖက်မှုကြောင့် သတ်ခံရတဲ့ လူအရေအတွက်ထက် ယခုနှစ်မှာ ၄၀ ရာခိုင်နှုန်း ပိုများလာပါတယ်” ဟု ကော်လိုရာဒို တက္ကသိုလ်မှ ပညာရှင် ဒန်အဲရစ်ခ်ဆင်က ပြောကြားသည်။

အကြမ်းဖက်သမား ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းများမှာ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ခြင်းနှင့် ခွဲထွက်လိုခြင်းတို့ကြောင့် ဖြစ်သည်ဟု ယင်းအစီရင်ခံစာက သုံးသပ်ထားသည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ရပ်ရွာအသိုင်းအဝိုင်းချင်း ကောင်းမွန်သော ဆက်ဆံရေး အားပျော့ခြင်းနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းလက်ခံပေးခြင်းတို့ အားနည်းခြင်းတို့ကြောင့် အကြမ်းဖက် အန္တရာယ် ရှိလာသည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ဗဟိုအာဖရိက စသည့် နိုင်ငံများက ထိပ်ဆုံးမှ ဦးဆောင်လျက် အကြမ်းဖက်သမားတို့ မျက်စိကျသည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခြင်း ဖြစ်ပြီး မြန်မာ၊ သီရိလင်္ကာနှင့် ယူဂန္ဓာတို့က နောက်ဆုံးအဆင့်မှ ပါဝင်သည်။

အကြမ်းဖက်ဝါဒက တိုက်ရိုက်သက်ရောက်ခြင်း မရှိသော နိုင်ငံများစာရင်းလည်း ပါဝင်ပြီး ယင်းနိုင်ငံများတွင် အာဆီယံဒေသတွင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သော စင်ကာပူလည်း ပါဝင်သည်။

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ ညွှန်ကိန်း GTI သည် ယင်းဝါဒ၏ ပထဝီဖြန့်ကြက်မှု သဘောတရားကို သုံးသပ်ခြင်း ဖြစ်သည်။


From:The Voice

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...