Thursday, 27 November 2014

ခွဲထွက်ခွင့် အခုတော့ သေချာသွားပြီ



စာမရေးတာ ကြာပြီ။ ဒီနေ့တော့ ရင်နာလွန်းလို့ ရေးဦးမယ်။ 2012 နှစ်ကုန်ပိုင်းလောက်ဖြစ်မယ်။ ကျွန်တော်ဆိုဒ်ထဲမှာ ဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေကို ထမင်းချက်ကျွေးဖို့ လူလိုလို့ အသိ အင်ဂျင်နီယာတစ်ယောက်ကို အလုပ်သမားရှာခိုင်းလိုက်တယ်။ နှစ်ရက်လောက်နေတော့ ကျွန်တော့ဆီကို လင်မယားနှစ်ယောက်ခေါ်လာတယ် ။အလုပ်လိုချင်လို့ပါ ။ဘာပဲ လုပ်ရ လုပ်ရပါ တဲ့။ နေစရာလေးရရင် လုပ်ပါရစေတဲ့ ။

ကျွန်တော်က များသောအားဖြင့် ဆိုဒ်ထဲမှာ လင်မယား မိသားစုတွေ ထားလေ့မရှိဘူး ။ လူမှုရေး ပြဿနာတွေ ရှင်းရလွန်းလို့။ ဒါပေ အဲ့လင်မယားကို ထုံးစံအတိုင်း ဗျူးကြည့်တာပေါ့လေ ။အရင်က ဘာလုပ်ဖူးလဲ ဘာညာပေါ့ ။

အဲဒီမှာ စတာပါပဲ။ ဖားကန့်မှာ ထမင်းဆိုင်ဖွင့်တာပါတဲ့ ။အဆင်လည်း ပြေတယ်တဲ့ ။အခု ဖားကန့်ကို ကေအိုင်အေ တွေ ဝင်လာတော့ သူတို့တွေကို မောင်းထုတ်သတဲ့ ။ သူတို့ပြည်နယ်ထဲမှာ ဗမာတွေ မမြင်ချင်ဘူးဆိုသတဲ့ ။ ဒါတောင် တပ်စစ်ကြောင်းနဲ့တွေ့လို့ မန်းလေး ပြန်လာလို့ရတာတဲ့ ။အဲ့တော့ ကျွန်တော်ကမေးတယ် ။ဖားကန့်မှာ ထမင်းရောင်းရင် အဆင်ပြေရမှာပေါ့ ။ခုဘာမှ မစုမိဘူးလားလို့။ အဆင်လည်း ပြေတယ် ။ စုလည်း စုမိပါတယ်။ကျောက်တွေလည်း ဝယ်စုထားတယ်တဲ့။ ဒါပေ ကေအိုင်အေတွေ သူတို့ကို မောင်းထုတ် တုန်းက ပစ္စည်းတွေကို အကုန်ရှာပြီး ဆိုက်ကယ် နှစ်စီး၊ ဝယ်ထားတဲ့ ကျောက်တွေနဲ့ ရှိသမျှပစ္စည်းတွေကို သိမ်းသွားတယ် ။ ငါတို့ ကချင်ပြည်က ပစ္စည်း မင်းတို့ ဗမာတွေနဲ့ မဆိုင်ဘူး။ ယူမသွားရဘူးဆိုသတဲ့ ။သူပုန်မို့ ပစ္စည်းလုတာ အနိုင်ကျင့်တာတွေကို သိပ်မအံ့ဩပေ ငါတို့ပြည်နယ်ပစ္စည်း ဗမာတွေနဲ့ မဆိုင်ဆိုတာကိုတော့ နည်းနည်းအံ့ဩသွားတယ်။ ဒါပေ တကယ်သေချာပြန်တွေးကြည့်တော့လည်း အံ့ဩစရာ မကောင်းပြန်ဘူး။ သူတို့ရဲ့ အတွေးအခေါ်နဲ့ ဝါဒကိုက ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒအောက်မှာ အကျဉ်းကျနေတာ ခုချိန်ထိ မလွတ်နိုင်သေးဘူး ။ပြည်ထောင်စု ဆိုတာ သူတို့အတွက်တော့ အရယ်ရဆုံး ပျက်လုံးပဲ ဖြစ်လိမ့်မယ်။

အဲ့တော့ ချုပ်ရရင် ကျွန်တော်လည်း သူတို့မိသားစုကို ဆိုဒ်ထဲခေါ် ။ယောက်ကျားကို နေ့စားအလုပ်ဆင်းခိုင်း ၊ မိန်းမကိုတော့ ထမင်းချက်ခိုင်းပေါ့ ။အဲ့တုန်းက နေ့စားတင် ခြောက်ဆယ်လောက်ရှိတော့ လူခုနှစ်ဆယ်စာလောက်ပန်းကန်ခွက်ယောက်တွေဝယ်ပေး။ နောက်ပိုင်း နေ့စားသမားတွေပြန်သွားတော့
လည်း သူ့ကိုပဲ ဝယ်ထားတဲ့ ပစ္စည်းတွေ ပေးပြီး အရင်းအနှီးပါထုတ်ပေးပြီး ဆိုဒ်ထဲမှာ ထမင်းဆိုင်ဖွင့်ပေးလိုက်တယ်။ ငါးတန်းတက် ကလေးကိုလည်း ကျွန်တော်ပဲ ကျောင်းစရိတ်ထုတ်
ပေးပြီး ကျောင်းအပ်ပေးလိုက်တယ်။

ဒီဖြစ်စဉ်ကို ကေအိုင်အေဟာ စစ်အစိုးရကို မုန်းတာ တော်လှန်တာပါ လူမျိုးရေး မုန်းတီးတာ မဟုတ်ဘူး ဆိုတဲ့ အင်မတန်ဉာဏ်ကြီးလှတဲ့ သူများကို ရည်ရွယ်ပြီး ရေးပါတယ် ။ ဖားကန့်မှာ အလုပ်သွားလုပ်နေတဲ့ ဗမာတွေ အများကြီးပါ ။ သူတို့မိသားစုလို မိသားစု ဘယ်နှစ်ခု ကြုံခဲ့ရသလဲ ။မိသားစု ဘယ်နှစ်ခု ဘဝပျက်ခဲ့ကြသလဲ ။ဘယ်သူတွေ စိတ်ဝင်စားဖူးပါသလဲ ။

အခု Anti တပ်မတော်များနဲ့ နိုင်ငံရေးသမားလုပ်စားများ လေးဘက်ထောက်မီဒီယာများမေ့ချင်ယောင်
ဆောင်နေတာ လား။ တကယ်ပဲမေ့နေသလား မသိတဲ့ အချက်ရှိပါသေးတယ်။ အဲဒါကတော့ ကေအိုင်အေဟာ ခင်များတို့ သိပ်မုန်းတဲ့ စစ်အာဏာရှင်ကြီး ဦးသန်းရွှေလက်ထက်မှာ သေနတ်သံတစ်ချက်မထွက်ဘဲ အင်မတန်ငြိမ်ဝပ်ပိပြားစွာ ပေါင်းစားလာတာပါပဲ ။ ခင်များတို့ အင်မတန်မုန်းတီးတဲ့ အခြေခံဥပဒေ ရေးဆွဲရေးမှာလည်း သေသေဝပ်ဝပ် ပါဝင်လာတာပဲ။အခုတိုင်းပြည်မှာ ဒီမိုကရေစီ ရောင်နီလေးမြင်ရပါမှ ထပြီး ကဖျက်ကယက်လုပ်တာ ဘာကြောင့်လို့ထင်ပါသလဲ။ အာဏာယစ်မူးတယ်ဆိုတာ စစ်အာဏာရှင်တွေပဲ ယစ်မူးတတ်တယ် ထင်ပါသလား။ သူပုန်အာဏာရှင်တွေကရော မယစ်မူးတတ်ကြဖူးလား ။ဦးနှောက်လေးတွေကို ဆေးပြီး
တွေးကြည့်ကြစမ်းပါ ။

စာဖတ်တတ်တဲ့ အရွယ်ကတည်းက တပ်မတော်သမိုင်း၊ ဇင်ချစ် နောက်ဆုံးနေ့ရက်များ ၊သခင်သန်းထွန်းနောက်ဆုံးနေ့ရက်များ ၊ ထို့ကြောင့်သို့၊ ဗိုလ်တိုက်ချွန်း ၊ ဝမ်းအိုဝမ်းကျော်ဝင်းမောင်ရဲ့ စာအုပ်များ၊ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ၊ တော်လှန်ရေးသမိုင်းစာအုပ်တွေနဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော်ဟာ တပ်မတော်ကို အင်မတန်ချစ်ပါတယ် ။ တပ်မတော်သားတွေဆို ယူနီဖောင်းမြင်တာနဲ့ အလိုလို သံယောဇဉ်ရှိတဲ့သူပါ ။ တပ်မတော်ရဲ့ သမိုင်းကိုလည်း အလွန်မြတ်နိုး ဂုဏ်ယူပါတယ် ။ ဒါပေ စစ်သား အားလုံး ကောင်းတယ်လို့ပြောချင်သလား ဆိုတော့ မပြောချင်ပါ ။ အားလုံးလည်း မကောင်းပါ ။ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလည်း ရှိတာပါပဲ ။ရှေ့တန်းထွက်လို့ ရွာရောက်ရင် ကြက်ခိုးတဲ့သူရှိတယ် ။ဝက်ခိုးတဲ့သူရှိတယ်။ ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်းတွေမှာ တည်းပြီး ညစ်ပတ်ပေပွ ထားခဲ့သူတွေရှိမယ်။ နွားမှောင်ခို တွေနဲ့တွေ့ရင် ပိုက်ဆံတောင်းတဲ့သူလည်း ရှိမယ်။ ဒါတွေကိုလက်ခံတယ်။ ဒါပေ သေချာတာတစ်ခုက သူတို့ငတ်လို့ ခိုးစားချင်စားမယ် ။ဗမာအိမ်ကမို့ ကြက်မခိုးဘူး ။ရှမ်းအိမ်ကမို့ ဝက်ခိုးမယ် ။ကယားအိမ်ကမို့ ဆိတ်ခိုးမယ်လို့ မရှိပါဘူး ။နွားမှောင်ခိုသမားကို ဗမာမို့ ပိုက်ဆံမတောင်းဘူး ။ ကချင်မို့တောင်းမယ်လည်း မရှိပါဘူး။ အဲဒါကတော့ သိပ်သေချာပါတယ် ။ ဒီလိုလူဆိုးတွေရှိသလို ရောက်ရာရွာမှာ ဆေးကု ပေး ရွာလမ်းပြင် ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ ခြုံရှင်းပြီး စည်းရုံးရေးတည်ဆောက်တဲ့ စစ်သားတွေလည်း ဒုနဲ့ဒေးပါ။ ဆိုလိုချင်တာက တပ်မတော်က လူဆိုးတွေတောင် လူမျိုးတစ်မျိုးမို့ မုန်းလို့ လူမျိုးကိုပစ်မှတ်ထားပြီး ဒုက္ခပေးမယ်ဆိုတဲ့ စိတ်မျိုး မရှိကြပါဘူး ။

ဟိုးဝေးလံခေါင်သီပြီး လျှပ်စစ်မီးမရ ရုပ်မြင်သံကြားမရှိ သတင်းစာမရှိတဲ့ နယ်မြို့လေးမှာ ကျွန်တော့အဖေတာဝန်ကျတော့ ကျွန်တော် ရန်ကုန်ကနေ အဲ့ဒီမြို့လေးကိုလိုက်နေပါတယ် ။အဲ့ဒီမှာ သိပ်ချစ်စရာကောင်းတဲ့ ရှမ်းသူငယ်ချင်း ကယားသူငယ်ချင်းလေးတွေ ရခဲ့တယ်။ ကျွန်တော်တို့ လိုက်နေတုန်းက အဲ့ဒီမှာ သိပ်မငြိမ်းချမ်းသေးဘူး ။အဆိုးကြီးတော့လည်း မဟုတ်ဘူးပေါ့လေ ။အဲ့ဒီမြို့မှာ ရှမ်းပိုင်းနဲ့ ကယားပိုင်းဆိုတာရှိတယ် ။ရှမ်းပိုင်းက အတော်အတန် စိတ်ချရပေ ကယားပိုင်းက စိတ်မချရဘူး ။ဖေဖေနဲ့ မေမေက မှာတယ် ။ ကျောင်းတက်ရင် မြို့ထဲလုံးဝ မသွားရဘူး ။ ကိစ္စရှိလို့ ရှမ်းပိုင်းသွားရင်တောင် ကယားပိုင်းကို လုံးဝမသွားရဘူးတဲ့။ သူပုန်ဆိုတာက သေနတ်မကိုင်တော့တာနဲ့ ရွာသားဖြစ်သွားတဲ့ အမျိုးကိုး။ တစ်ရက် ကယားရိုးရာ တိကူးပွဲရောက်လာပါရော ။ တိကူးပွဲဆိုရင် အိမ်တွေမှာ လိုက်ကတယ် ။ဧည့်သည်တွေကို တိကူမုန့်နဲ့ ခေါင်ရည်တိုက်တယ်။တိကူမုန့်ဆိုတာ ကောက်ညှင်းကိုကြိတ်ပြီ ငှက်ပျောရွက်နဲ့ထုပ်ပြီးပေါင်းတာ ။သကြားလေးနဲ့ တို့စားရတယ်။ခေါင်ရည်အချိုလေးနဲ့တော့ အတော်လိုက်ပေါ့ ။ထားပါတော့ အဲ့ဒီပွဲချိန်ရောက်တော့ ကယားသူငယ်ချင်းနှစ်ယောက်က အိမ်လိုက်လည်ဖို့ခေါ်တယ် ။ကျွန်တော်က မလိုက်ရဲ ။အိမ်ကမှာတာတွေပြောပြတာပေါ့။ နောက်ဆုံးတော့ ငါတို့မသေသ၍ နင်ဘာမှမဖြစ်စေရဘူးဆိုတဲ့ သူတို့ စကားကို မျက်စိမှိတ်ယုံပြီး လိုက်သွားခဲ့တယ် ။ တကယ်လည်း ပျော်ပါတယ် ။သူငယ်ချင်းတစ်ယောက်ရဲ့မိဘတွေကို ကျွန်တော့တပ်နာမည်ပြောပြ
လိုက်တော့ ရဲဘော်တစ်ယောက်နာမည် ရွတ်ပြီး ဝမ်းသာအဲလဲမေးတယ် ။သူတို့တပ်ကလားပေါ့။ ဖြစ်ချင်တော့ အဲ့ရဲဘော်က ဖေဖေအကူရဲဘော်ဖြစ်နေတယ် ။အဲ့ရဲဘော်က သူတို့မိသားစုနဲ့ အရမ်းခင်တာတဲ့။ နောက်တန်းရောက် ရိက္ခာထုတ်ရင် အမြဲနို့ဆီလေးဘာလေး လာပေးတယ်။ သူတို့အိမ်မှာလည်း စားအိမ်သောက်အိမ်တဲ့ ။နောက်ပြီးရယ်ပြီးပြောသေးတယ် ။တော်တော်လည်းတုံးသတဲ့။ တစ်ခေါက် နောက်တန်းပြန်ဝင်တုန်း စစ်ကြောင်းခရီးထွက်တော့ ကယားပိုင်းကဖြတ်သွားလို့ သူတို့ကိုဝင်နှုတ်ဆက်တော့ သူပုန်သတင်းပေးလိုက်သေးတယ်တဲ့။ တည့်တည့်တော့မပြောရဲလို့ စောင်းပါးရိပ်ချည်ပြောတာကို နားလည်ပုံမရဘူးတဲ့ ။ကျွန်တော်ကိုပြောပြီး ရယ်နေကြတယ် ။ကျွန်တော်တောင် ရဲဘော်တွေရဲ့စည်းရုံးရေးစွမ်းရည်ကို တော်တော်အံ့ဩသွားတယ်။ အမှန်တော့ တကူးတက စည်းရုံးကြတာလဲ မဟုတ်ပါဘူး ။မိဝေး ဖဝေး အရပ်ဒေသမှာ ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းဖြစ်သွားကြတဲ့သဘောပါ။ အဲ့ဒီလိုပဲ ဘယ်သူမှ ရိုက်မစစ်ဘဲ ဘယ်သူမှ မမေးဘဲ သူပုန်သတင်းကို အလိုလိုပြောပြလာရအောင် တပ်နဲ့ တိုင်းရင်းသားတွေ ချစ်ခင်နေတဲ့ဆက်ဆံရေးတွေလည်း ဒုနဲ့ဒေးပါ ။အခုတော့ စစ်တပ်က တိုင်းရင်းသားတွေကို အနိုင်ကျင့်တယ် ဆိုတဲ့ စကားကို နှုတ်တိုက်ကျက်ထားသလို တတွတ်တွတ်ရွတ်နေကြတာကိုမြင်တိုင်း အင်မတန်စိတ်ပျက်လှပါတယ် ။တပ်ကရဲမေတစ်ဝက်ကျော်လောက်က ဒေသခံ တိုင်းရင်းသူတွေဆိုတာကို အဲ့လူတွေ မသိရှာကြပေဘူး။

ပြောချင်တာတွေကိုချုပ်ရရင်ဖြင့် တပ်မတော်ဆိုတာ နိုင်ငံတစ်ခုရဲ့ မရှိမဖြစ်အဖွဲ့အစည်းတစ်ခုပါ ။အကြောင်းကြောင့် အကျိုးအဖြစ် ထွက်ပေါ်လာတဲ့ မှားယွင်းနေတဲ့ စနစ်ကြီးတစ်ခုအောက်မှာ ကိုယ်ကျင့်တရားတွေချွတ်ခြုံကျလာခဲ့တာက ဝန်ထမ်းအားလုံးပါ ။ တပ်မတော်သားတွေချည့်ပဲ
မဟုတ်ပါဘူး။စီမံအုပ်ချုပ်ခဲ့တဲ့ တပ်ခေါင်းဆောင်တွေရဲ့ စနစ်တွေမှားယွင်းခဲ့တိုင်း အာဏာယစ်မူးမှုတိုင်း
အတွက်တပ်မတော်သား အားလုံးမှာ တာဝန်ရှိသလား ။တပ်မတော်သားတွေအပေါ် ရန်ငြိုးဖွဲ့စရာလား ။တပ်မတော်ဆိုတာ ဝန်ထမ်းတွေအားလုံးထဲမှာ အပင်ပန်းဆုံး အဆင်းရဲဆုံး ဝန်ထမ်းတွေပါ ။

အခြားဝန်ထမ်းတွေမလုပ်ရဲတဲ့ အလုပ်မှန်သမျှ တပ်ကလုပ်ရပတယ် ။ဥပမာ သူပုန်ဒေသမှာ လမ်းဖောက်တာမျိုး ။ တိုင်းပြည် အန္တရာယ်တစ်ခုခုနဲ့ ကြုံတိုင်း ရှေ့ကအသေခံရတာလည်း တပ်မတော်သားတွေပါ။2001, 2003 ယိုးဒယားတို့ နဲ့ ဖြစ်တဲ့ ပြဿနာတွေက သာဓကပါပဲ။တပ်ဟာ အရပ်ဖက်အုပ်ချပ်ရေးကို တာဝန်ယူလိုက်လို့ ကြီးပွားသွားတဲ့ ဗိုလ်ချုပ်တွေ အရေအတွက်ဟာ တပ်မတော် အင်အား ငါးသိန်းနဲ့ နှိုင်းယှဉ်လိုက်ရင် ဇီးစေ့လောက်ပမာဏပါ။ ကျန်တပ်မတော်သားတွေကတော့ အခြားဝန်ထမ်းတွေနည်းတူ ဒုက္ခဆင်းရဲတွေခံနေကြရတာပါပဲ ။အဲ့ဒီတော့ အဲ့ဒီဇီးစေ့လောက်ဗိုလ်ချုပ်တွေကို ကြိုက်သလိုပြော ကြိုက်သလိုဆဲ ကြိုက်သလိုလုပ်ကြပါ ။သတ္တီရှိရင် သွားလုပ်ကြံကြပါ။ တပ်မတော်သားတွေကိုတော့ ပစ်မှတ်ထားပြီး မတိုက်ခိုက်ကြပါနဲ့။ တပ်မတော်မှာ ဘယ်လောက်ဆင်းရဲရဲ တပ်မတော်ဆိုတာကို စစ်သားအများစုက အသွေးထဲ အသားထဲက ချစ်ကြပါတယ် ။ထောက်လှမ်းရေးတစ်ခုလုံး ဖြုတ်ထုတ်သတ်လုပ်ခဲ့ပေ ဘယ်သူတွေက တပ်မတော် မကောင်းကြောင်းပြောကြသလဲ ။တပ်မတော် အတွင်းရေးတွေ ဖွင့်ချခဲ့ကြသလဲ။ ဘာအပြစ်မှ မရှိဘဲ မိုးထဲလေထဲ တိုက်ခဲ့ရတဲ့ ဗိုလ်မှူးအဆင့်တွေကို အသက်45နှစ်ကျော်ရုံနဲ့ တပ်မတော်က အနားပေးပစ်ခဲ့လို့ ဘာမှမပြင်ဆင်နိုင်သေးခင် အခြေအနေပျက်သွားရတဲ့ မိသားစုတွေ အများကြီးပါ ။ဘယ်သူတွေက တပ်မတော် မကောင်းဘူးလို့ လက်သီးလက်မောင်းတန်းခဲ့ကြသလဲ။ နေမျိုးဇင်လို စိုင်းဝင်းသိန်းလို တစ်ယောက်နှစ်ယောက်ကလွဲလို့ မရှိပါဘူး။အဲ့ဒီတော့ တပ်မတော်ကို ပြိုကွဲအောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးလေးများရှိကြရင် စောစောစီးစီး စွန့်လွှတ်လိုက်ကြတာ ကောင်းပါလိမ့်မယ် ။ခင်များတို့ သားမြေးမြစ်တီတွတ်ကျွတ်ဆတ် အထိ မလွယ်သေးပါဘူး ။တိုင်းရင်းသား 132မျိုးနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာမြောက်စိတ်ဝင်စားခြင်းကို ခံရတဲ့ ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်ဟာ အင်အားတောင့်တင်းနေဖို့ အင်မတန်လိုအပ်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ သင်ခန်းစာတွေအရ နိုင်ငံရေး သမားဆိုတာ တပ်မတော်အတွက်တော့ အမြဲသတိထားစောင့်ကြည့်ရမဲ့ သူတွေပါ ။ တပ်က သူ့နေရာသူပြန်သွားဖို့ ခြေလှမ်းစနေပြီဖြစ်တဲ့ ဒီလိုအချိန်မှာ အရေးအကြီးဆုံးက တပ်နဲ့ နိုင်ငံရေးသမားတွေကြား ယုံကြည်နားလည်မှု တည်ဆောက်ဖို့ပါ။ နိုင်ငံရေးသမားဆိုတဲ့ထဲမှာ အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ NLD ဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီလိုတပ်နဲ့ ယုံကြည်မှုတည်ဆောက်ရ ချိန်မှာ တပ်က ကျဆုံးပေးဆပ်ခဲ့သမျှကိုတော့ မျက်နှာလွှဲနေခဲ့ပြီး သူပုန်အရောက်နှစ်ဆယ်သေမှ ဝမ်းနည်းကြောင်း ကြေငြာချက်ထထုတ်တာဟာ 88မှာ မမွေးသေးတဲ့ ၊ 2007 ရွှေဝါရောင်မှာ ကျောင်းမဆင်းသေးတဲ့ တပ်မတော်ရဲ့ နောက်ဆုံးမျိုးဆက်တွေရဲ့ ရင်ထဲကိုပါ ဆူးတစ်ချောင်းရိုက်သွင်းလိုက်တာပါ ။ တပ်မတော်ဟာ ကေအိုင်အေကို ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အနစ်နာခံ ငုတ်တုတ်အသေခံပြီး စိတ်ရှည်ခဲ့သလဲဆိုတာ ကာချုပ်ဟောင်းတစ်ယောက်ပါတဲ့ ခင်များတို့ပါတီ မသိစရာ အကြောင်းမရှိပါဘူး ။

သမိုင်းဆိုတာ မအအောင် သင်ရသတဲ့ NLD။ ခင်များတို့ကတော့ နှစ်နှစ်ဆယ်စွန်းရုံသမိုင်းကို အမုန်းတရားတွေမွေးမြှူဖို့ ကလွဲပြီး ဘာမှ ပညာမယူခဲ့ဘူးပဲ။ သူပုန်သေမှ ဝမ်းနည်းသတဲ့လား ။ တပ်မတော် စစ်သည် အယောက်လေးဆယ်ကျော် ပဒေသာမိုင်းထိလို့ ကျကုန်တော့ ခင်များတို့ဝမ်းမနည်းဘူးလား NLD။ လူနာတင်ယာဉ်ကို ချုံခိုတော့ အရှင်လတ်လတ် ရဲဘော်တွေမီးလောင်သေဆုံးနေတာကို အခုသေသွားတဲ့ သူပုန်အဖွဲ့က ဗီဒီယိုရိုက် YouTubeပေါ်တင် အောင်ပွဲခံခဲ့တုန်းက ရော ခင်များတို့ မသနားခဲ့ဘူးလား ။ ငြိမ်းချမ်းရေးအတွက် စိုးရိမ်မကင်း မဖြစ်ခဲ့ဘူးလား ။ အရှင်ဖမ်းမိသွားတဲ့ ဗိုလ်ဇော်မျိုးထက်ကို ဓားနဲ့မွှန်း ရင်ခွဲခေါင်းဖြတ်တာ လူ့အခွင့်အရေးနဲ့ ညီသတဲ့လား။ သန်းခေါင်စာရင်း ကောက်လုံခြုံရေးယူပေးတဲ့ ဗိုလ်မှူးကို ချောင်းပစ်လို့ ကျသွားတာ မိသားစုနဲ့ အိမ်ပြန်တဲ့ တပ်ရင်းမှူးကို ချောင်းပစ်လို့ ကျသွားတာတွေက ငြိမ်းချမ်းရေးကာလတွေ မဟုတ်လို့လား NLD။ အနာဂတ်မှာ တိုင်းပြည်ရဲ့ အစိုးရဖြစ်လာချေအများကြီးရှိတဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ သဘောထားဆိုတာ တပ်မတော်ရဲ့ ရန်သူတိုင်းဟာ ခင်များတို့ မိတ်ဆွေဆိုတာလား ။ သမိုင်းထဲက သင်ခန်းစာမယူရင် တူညီသော အမှားတွေ ပြန်မှားပြီး သမိုင်းဆိုတာ တစ်ပတ်လည်တတ်ပါတယ် ။ အရင်တုန်းကတော့ သူတို့ခံလာရတဲ့ ဒုက္ခတွေအတွက် ဒီလောက်တော့ မုန်းနိုင်ပါတယ်လေဆိုပြီး တွေးပေးခဲ့တယ် ။ အခုမှ ရှင်းရှင်းလင်းလင်းသိသွားတာက ခင်များတို့ ပါတီထဲမှာလဲ အမုန်းတွေ အငြိုးတွေက လွဲလို့ တရားမျှတမှုဆိုတာလည်း မရှိပေဘူးပဲ ။ ရခိုင်ကိစ္စမှာ ခင်များတို့ ရပ်တည်ချက်ကို မကြိုက်လို့ မဲမပေးဘူးလို့ စဉ်းစားလိုက်တိုင်း ငါမှားများ မှားသွားမလားလို့ စိုးရိမ်စိတ်ဖြစ်ဖူးတယ် ။ အခုတော့လည်း စိတ်သန့်သွားနိုင်တာပေါ့လေ ။ကျေးဇူးတင်ပါတယ် NLD။ တိုင်းပြည်အကျိုးစီးပွားနဲ့ ပါတီအကျိုးစီးပွား ယှဉ်လာရင်တောင် ပါတီကို တိုင်းပြည်ထက်ပိုချစ် လူတွေမှန်း သေသေချာချာ သိလိုက်ရလို့ ။ တစ်ခုပါပဲ တော်တော့ကို စိတ်နာသွားပါပြီ ။


From: Wai Nwe Lwin

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...