Tuesday, 4 November 2014

မပြောင်းလဲသည့် မြန်မာ့နိုင်ငံရေးနှင့် မီးစာကုန်ဆီခန်း ဒေါ်အောင်ဆန်းစုကြည် (အပိုင်း-၁)


မြန်မာနိုင်ငံဆိုင်ရာကုလကိုယ်စားလှယ် မစ္စရန်ဟီလီမှ ကုလသမဂ္ဂသို့ တင်သွင်းသော လူ့အခွင့်အရေး အစီရင်ခံစာတွင် မြန်မာ့နိုင်ငံရေးတွင် နောက်ကြောင်းပြန်မည့် အရိပ်အယောင်များရှိနေကြောင်း တင်သွင်းခဲ့ပါ တယ်။ အမေရိကန်မှလည်း သမ္မတအိုဘားမား မြန်မာနိုင်ငံသို့လာရောက်ဖို့ ရက်ပိုင်းအလိုမှာ အာဏာရ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးအောင်သောင်းကို အမည်မဲစာရင်းသွင်းခဲ့ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ လူထုနှင့်အတူ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး အကယ်၍ ၎င်းထောင်ကျခဲ့ပါက ဆက်လက်လမ်းပေါ်ထွက်ကာ လူထုအုံကြွမှုလုပ်ရန် တိုက်တွန်းခဲ့ပါတယ်။
အခြေအနေ အဖြစ်အပျက်အလုံးစုံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်နဲ့ ဘာမှမခြားပါဘူး။ အစိုးရဖက်က လုပ်ဆောင်မှုတွေသာမက အတိုက်အခံ ဒီမိုကရက်တစ်တွေရဲ့ လုပ်ရိုးလုပ်စဉ်အားလုံးက ဘာမှမပြောင်းလဲ ပါဘူး။ အထူးသဖြင့် ဒီမိုကရေစီအင်အားစုတွေဟာ လွန်ခဲ့တဲ့ ၂၆ နှစ်ကအတိုင်း တစ်ခုခု အလိုရှိတိုင်း လူထုကိုလှည့်လည်စည်းရုံးခြင်း၊ ဆန္ဒပြခြင်း၊ လမ်းပေါ်ထွက်ခြင်း စသည်တို့ကို အကောင်းဆုံး ပြဿနာ ဖြေရှင်းနည်းများဟု ယုံကြည် လက်ခံထားကြဆဲဖြစ်ပါတယ်။
-ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ခုပ်သံတွေ ဆိတ်သုဉ်းသွားပြီလား
၂၀၁၄ နှစ်ကုန်ပိုင်းကစပြီး ကျယ်လောင် ဆူညံလာကာ ကမ္ဘာအထိ လှုပ်ခတ်စေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် လက်ခုပ်သံတွေဟာ အခုဆိုရင် အတော်လေး တိတ်ဆိတ်သွားပါပြီ။ “ဝန်းရံကြ၊ ထောက်ခံကြ၊ ကြိဆိုပါတယ်” ဆိုတဲ့ အသံတွေနဲ့ စခဲ့ပြီး “ဒုတိယဘုရားသခင်၊ ဦးညွတ်ကြ၊ ရှိခိုးကြ” ဆိုတဲ့အထိ ဖြစ်လာခဲ့ပြီးမှ ယနေ့ (၄) နှစ်ကြာချိန်မှာတော့ လက်ခုပ်သံနေရာမှာ အားမရသံတွေ၊ စိတ်ပျက်သံ တွေနဲ့ အပြစ်တင်သံတွေ အစားထိုးသွားကြပါတယ်။ နိုဝင်ဘာလ ၁၃ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ကိုင်လာတာ ၄ နှစ် တိတိ ပြည့်ပြီဖြစ်ပါတယ်။
-ဦးသိန်းစိန်ဘာတွေလုပ်နိုင်ခဲ့သလဲ
၂၀၁၁ ခုနှစ် ဧပြီလမှစပြီး ဒေါ်အောင်ဆန်းစုကြည် မပါလည်း လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ၄ နှစ် အတွင်းမှာ သမ္မတဦးသိန်းစိန်ဖက်မှ အကြိမ်ကြိမ်သက်သေပြလိုဟန်ရှိပါတယ်။ “သန့်ရှင်းသော အစိုးရ ၊ ကောင်းမွန်သော အုပ်ချုပ်ရေး” ၊ “ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး” ၊ “ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပြောင်းနိုင်ရေး” စတဲ့ ခိုင်မာသည့်ဦးတည်ချက်ဖြင့် ပြည်သူ့အပေါ် စေတနာမှန်ထားကာ တတ်စွမ်းသမျှ ဖြင့် ရိုးသားစွာ ကျိုးစားဆောင်ရွက်သွားတာ တွေ့ရပါတယ်။
၂၀၁၃ SEA GAME အားကစားပြိုင်ပွဲကြီးကို ဗြိတိန်နိုင်ငံက အိုလံပစ်ပြိုင်ပွဲထက်သာအောင် ကမ္ဘာ့ အဆင့်မီကျင်းပနိုင်ခဲ့ပြီး ၂၀၁၄ အာဆီယံဥက္ကဌ ရာထူးနှင့်တကွ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကြီးအား နေပြည်တော်တွင် ကျင်းပနိုင်ခဲ့သလို နိုဝင်ဘာ ၁၀ ရက်နေ့တွင်လည်း နောက်တစ်ကြိမ် ကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ (၄၇)ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားနှင့် တတိယအကြိမ် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောနိုင်ခဲ့သည့်အပြင် ကုလသမဂ္ဂထိပ်သီး အစည်းအဝေးတွင်လည်း တက်ရောက်မိန့်ခွန်းပြောနိုင်ခဲ့ပါတယ်။ အာရှနိုင်ငံများသာမက အမေရိကားနှင့် ဥရောပမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးများ သမ္မတဦးသိန်းစိန်ထံ လာရောက်တွေ့ဆုံ ခဲ့ကြပြီး သမ္မတဦးသိန်းစိန်အနေဖြင့်လည်း သမိုင်းဝင် ခရီးစဉ်အများအပြားသို့ သွားရောက်နိုင်ခဲ့ပါတယ်။ ခရီးစဉ် များနှင့် တွေ့ဆုံမှုတိုင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်း၊ အားပေးထောက်ခံ ကြောင်းများကိုသာ ကမ္ဘာက အသိအမှတ်ပြု ပြောဆိုခဲ့ကြပြီး ကန့်ကွက်သူမရှိခဲ့ပေ။
-ဦးသိန်းစိန်အတွက် လက်ခုပ်သံအစ
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မိမိကို တောက်လျှောက်အပြစ်တင်ပြောဆိုနေသူ
ဒေါ်အောင်ဆန်းစုကြည်အား သဘောထားကြီးစွာ လက်ခံတွေ့ဆုံခြင်း၊ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူ့ဆန္ဒအလေးထားကာ ဖြတ်သိမ်းပေးခြင်းတို့မှ အစပြုကာ လူထု၏လေးစား ယုံကြည်မှုများ တိုးပွားစေခဲ့ပါတယ်။ ပြည်သူ့အသံကို အမြဲနားထောင်နေတယ်ဟု ကိုယ်တိုင်ဝန်ခံခဲ့ပြီး တောင်းဆိုသမျှ ဖြေရှင်းခဲ့ပါတယ်။
အပြောင်းအလဲများကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့သလို ရှေ့လတွင်လည်း နေပြည်တော်သို့ လာအုံးမှာဖြစ်ပါ တယ်။ ကုလသမဂ္ဂထိပ်သီးအစည်းအဝေးမှ သမ္မတဦးသိန်းစိန်ပြန်လာချိန်မှာတော့ ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်မှာ ပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။
ဆက်ရန်...
(ဒေါက်တာ မျိုးချစ်)

From:ME

www.mmdailystar.com

1 comments:

  1. လှ​မျိုး​နောင်​ကတော့ အနာ​ခံ​ပြီး​အသာ​မ​စံ​လိုက်​ရ​ဘူး။ နေ​မ​ကောင်း​တာ​တောင် သတင်းမေး​မဲ့​သူမ​ရှိ​ဘူး။

    မင်းကို​နိုင်​တို့ ကို⁠ကို​ကြီး​တို့​ကတော့ ထောက်ပံ့​ကြေး​လေး​တွေ​နဲ့ အူ​စို​ပြီး နိုင်ငံ​ခြား​သွား​လိုက် မိန်းမ​ယူ​လိုက် ကား​စီး​လိုက်​လုပ်​နေ​ကြ​ပြီ။

    မင်း​ညံ့​လို့​ပဲ​လို့ ပြော​ရ​တော့​မှာ​ပေါ့ လှ​မျိုး​နောင်​ရေ ။ ဆေး​ရုံပေါ်​မှာ​တော့ စားစရာ​မ​ရှိ ရေ​သန့်​လေး​တစ်​ဘူး​နဲ့ သေ​ခဲ့​ပေ​တော့။

    မင်း​ကြည့်​ထား မင်း ဈာပန​ရောက်​မှ မျက်နှာ​မျှ နာမည်ကြီး​ချင်​သူ​တွေ ဝိုင်း​ပြီး ချီးမြှင့်​ပေး​ကြ​လိမ့်​မယ်။

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...