Saturday, 22 November 2014

မပြောသင့်တာကို ပြောလို့ သရဲအခြောက်ခံရတဲ့ ဆေးကျောင်းသားတစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ် (နှလုံးရောဂါရှိလျှင် မဖတ်ပါနှင့်)

လွန်တာလေးများရှိရင် တောင်းပန်ပါတယ်..

ကျွန်တော် ကိုယ်တွေ့ လေးရေး ပေးပါရစေဗျာ... ကျွန်တော် အခု အသက်၃၀ ရှိပါပြီ... နာမည် ကတော့ ကိုထူး လို့ ခေါ်ကြပါတယ်... ကျွန်တော် ဆေးကျောင်းသားဘ၀တုန်းက သရဲခြောက်ခံခဲ့ ရတဲ့ အကြောင်းလေး ပြောပြပါ့ မယ်.. ဆေးကျောင်းသား ဘဝက ကိုယ်တွေ့ လေးပေါ့ နော်... ကျွန်တော်တို့ ကျောင်းက သူများဆေးကျောင်းတွေလိုမဟုတ်ပါဘူး... ထူးတာက ကျောင်းဆောင်ဘေးမှာ ရင်ခွဲရုံ တည်ဆောက်ထားတာပါ... ကျွန်တော် 2nd MB စတက်တဲ့ နှစ်မှာ နာနာဘာဝ ဆိုတာကို ကိုယ်တွေ့စပြီးမြင်ဘူးခဲ့တာ ဘဝ နဲ့ ချီပြီးပြောရင်လဲ ပထမဆုံးကိုယ်တွေ့ ပါ...

ကျွန်တော်တို့  ဒုတိယနှစ် ကျောင်းသင်ခန်းစာမှာ ခန္ဓာဗေဒ ဘာသာရပ်ပါပါတယ်... လူ တစ်ကိုယ်လုံးဖွဲ့စည်းပုံ ကို ခေါင်းအစ ခြေအဆုံး စာတွေ့ ရော လက်တွေ့ပါ သင်ကြားရတာပါ... လက်တွေ့ ချိန်ဆို ကျောင်းဘေး က အလောင်းတွေ (ဖော်မလင်)စိမ်ထားတဲ့ ရင်ခွဲ ရုံ မှာ သွားပြီး တစ်လောင်းကို ၅ယောက်နှုန်းနဲ့ ဆရာတွေလဲ ခွဲစိတ်ပြပြီး သင်တဲ့ ကျွန်တော်တို့ လဲ ကိုယ်တိုင် ခွဲ ခြမ်းပြီး လူ့ ခန္ဓာဗေဒကို အကြွမ်းတဝင် ဖြစ်အောင်၊ ကြည့်ချင်တဲ့ ကလီစာ တွေဖြတ်၊ မလိုတဲ့ ကြွက်သားတွေလှီးထုတ်၊ အကြော အရိုး ပါမကျန် လေ့လာ ကြရပါတယ်... အလောင်းတွေ ခမျာလဲ အသက်မဲ့နေပေလို့ ပဲ.. အသက်သာရှင်ရင် ကျွန်တော်တို့ကို ထတောင်ရိုက်လောက်တယ်.. ဟဟ .. ကျွန်တော်တို့  လက်တွေ့ ၃ ပတ်အပြီးမှာတော့ တစ်စစီ နီးပါးဖြစ်လို့  ရောက်ခါစနဲ့မတူတော့ဘဲ တော်တော်လည်း ပုံပျက်သွားပါပြီ..

တကယ့်အဖြစ်အပျက်ကတော့ အလောင်း အသစ်ရင်ခွဲရုံ ရောက်တဲ့နေ့ နဲ့ ကျွန်တော်တို့ Pratical စတဲ့နေ့ မှာပေါ့... ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ် စာသင်ချိန်ပြီးပြီးချင်း ရင်ခွဲရုံဘက် ထွက်လာခဲ့တယ်... ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော်က စိတ်တူ ကိုယ်တူဗျ... စာသင်ချိန်သာ အိပ်ငိုက်ချင်ငိုက်တာ လက်တွေ့ဆိုလို့  ကတော့ အလောင်းတွေကို လှီးလိုက် ချွတ်လိုက် ထိုးလိုက် ဆွလိုက်နဲ့ တော်တော်တက်ကြွသဗျ... ဟဟ.. အစောဆုံးရောက်သွား တဲ့ အတွက် ကောင်းတာက လတ်လတ်ဆတ်ဆတ် အဖြစ်ဆုံး အလောင်းကို ရွေးခွင့် ရတာဗျ... ရင်ခွဲရုံလည်း ရောက်ရော အဲဒီမှာ လူနာတင်ကား တစ်စီး ရပ်ထားတာဗျ... ဟာ.. ပွပြီပေါ့ အလောင်းအသစ် လာပို့ ပြီပေါ့... ဝမ်းသာအားရနဲ့ လူနာတင်ကားဆီ သွားကြည့်ကြတာပေါ့...


စတာက အဲဒီမှာ... အလောင်းကတော့ ဖွားသီလရှင်တစ်ပါးရဲ့  အလောင်းဗျ... ကျောင်းပေါ်မှာ တစ်ပါးထဲ ပျံတော်မူ နေတာတဲ့... အပုပ်နံ့ရလို့ သွားကြည့်မှ ပျံလွန်တော်မူတာကို သိကြပြီး ခန္ဓာလှူ ထားမှန်းသိလို့  ကျောင်းကို တိုက်ရိုက်သယ်လာကြတာတဲ့...
ဟုတ်တော့ဟုတ်တယ်.. တော်တော် အနံ့  ပြင်းတယ်... လူရဲ့ အပုတ်နံ့က တစ်ခြားသတ္တဝါတွေထက် ၁၀ ဆ လောက်ကိုပြင်းတယ်... နှာခေါင်းထဲကို တန်းတိုးတာပဲ... ဖွားသီလရှင်ကြီးက နေမကောင်းလို့  ဆံမပယ်ဖြစ်တာ ကြာပြီထင်တယ်... ဆံပင်တွေက ငုတ်စိ လေးတွေ ထိုးထိုးထောင်ထောင်နဲ့ တော်တော်ရှည်နေတယ်... အဝတ်အစားကလဲ အိမ်နေရင်း... အဲလေ ကျောင်းနေရင်းဝတ်တဲ့ဟာ ထင်ပါတယ်... ယောဂီရောင်အတွင်းခံ ခပ်နွမ်းနွမ်းလုံချည်လဲ ခပ်စုတ်စုတ်လေး လွှမ်းလို့ပေါ့... ကျွန်တော်လည်း ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ ရလိုက်တဲ့အပုပ်နံ အီအီကြီးကြောင့် စိတ်ရှုပ်သလို စိတ်ပျက်သလို ဖြစ်ပြီး ပါးစပ်ကမပြောသင့်တဲ့ စကားတွေ ရုတ်တရက်ထွက်လာပြီး ဘေးက သူငယ်ချင်းကို ပြောလိုက်မိတယ်..


" ကျော်ကြီး ကြည့်ပါဦးကွာ... မယ်သီလရှင်လည်း ပြောသေးတယ်.. ဆံပင်ကလည်း ကျို့တို့ ကျဲတဲ.. အဝတ်စား ကလဲစုတ်ပြတ်သတ်နေတာပဲ... သီလရှင်ဝတ်စုံလည်း မဟုတ်... အရပ်ကလဲ ပုတက်တက်နဲ့... ဘာမှကို ကြည်ညိုစရာ မရှိဘူး... လန်ကြုတ်သီလရှင်ဘဲနေမှာပါကွာ... " ဆိုပြီး ပြောလိုက်မိတယ်...
ပြီးတော့  ဆရာတွေရောက်လာလို့  ရင်ခွဲရုံထဲဝင် ထုံးစံအတိုင်း ခွဲစရာရှိတာ ခွဲပြီး အဆောင်ပြန်လာကြတာပေါ့... ညရောက်တော့ မှ နောင်တရဖို့အကြောင်း ဖန်လာတော့တာပဲ...
ညရောက်လာတော့ ထုံးစံအတိုင်းစာကျက်ပြီးတဲ့ အချိန်မအိပ်ကြသေးဘဲ သူငယ်ချင်းကျော်ကြီးနဲ့ ထွေရာလေးပါးပြောနေလိုက်တာ တော်တော်လေးညဉ့် နက်မှ စကားစပြတ်သွားတယ်... ကျွန်တော်တို့က အဆောင်နေကျောင်းသားတွေ ဆိုတော့ သူငယ်ချင်းနဲ့က ကုတင်ချင်းကပ်ရပ်ပေါ့... ကျွန်တော်တို့နေတာက ဒုတိယထပ် အဆောင်က Hall ဆိုတော့ တစ်ခန်းမှာ ၁၀ ယောက် လောက်နေကြရတာ ... ကုတင်တွေကလည်း ကပ်လို့ပေါ့... ကုတင်တစ်လုံးပေါ်ကနေ တစ်လုံး ခုန်ကူးသွားလိုက်ရင်တောင် အခန်းအဝင်ဝကို ရောက်ပါတယ်... နောက်ပြီး ကျွန်တော့် ကုတင်ခေါင်းရင်းတည့်တည့်မှာ မှန်ပြတင်းပေါက်ရှိတယ်... ညဆို လေ အရမ်းဝင်လို့  ပိတ်ထားတတ်ပါတယ်...

အဲဒီညမှာပဲ အခန်းမီးတွေ ပိတ် အိပ်တဲ့လူကလည်း အိပ်နေပါပြီ... ကျွန်တော်လည်း ချက်ချင်းအိပ်လို့  မပျော်သေးတော့ လက်ကလေး ရင်ဘတ်ပေါ်တင် အတွေးနယ်ချဲ့ နေမိတာ ဘယ်အချိန်ထိကြာသွားလည်း မသိပါဘူး.. ခြင်ထောင် အပြင်က အမှောင်ရိပ်ထဲမှာ ကုံးကုံးကွကွနဲ့ မဲမဲ သဏ္ဍန် တစ်ခု.... အသက်ရှူသံလို တရှုးရှူးအသံပြုပြီး ကျွန်တော့်သူငယ်ချင်း ကျော်ကြီး ရဲ့ခြင်ထောင်ဘေးမှာတလှုတ်လှုတ်လုပ်နေပါတယ်... ခဏအကြာမှာ သူငယ်ချင်းရဲ့ခြင်ထောင်ထဲမပြီး ဝင်သွားသယောင် ဝိုးတိုးဝါးတား စိတ်ထဲမှာ ထင်လိုက်မိလို့  ရုတ်တရက်သူငယ်ချင်းအတွက်စိတ်ပူသွားပြီး ခေါင်းအုံးအောက်က ဓါတ်မီးကို ဖြေးဖြေးလေးဆွဲလိုက်တယ်... ကိုယ်တိုင်ကလဲ တော်တော် လေးလန့်သွားပြီး ချွေးစေးတွေတောင် ထွက်နေတယ်... လှုပ်ရှားမှုကလည်း တကယ့်ကို နှေးနှေးလေးပါ...

လက်က ခေါင်းအုန်းအောက်ရောက်ဖို့ကို တော်တော်ကြာနေတယ်လို့ ခံစားရတယ်... ဓါတ်မီးကိုလည်း စမ်းမိရော အရမ်းအားတက်သွားပြီး ခလုတ်လေးကို အသာလေးဖိပြီး ဖွင့်... ပွင့်လည်း ပွင့်ရော... ရုတ်တရက် ဗြူံးဆို.. ကျွန်တော့် ခြင်ထောင်ထဲ က ချက်ခြင်းပြီး စောစောက မဲမဲသဏ္ဍန်ကြီး ဝင်သွားတဲ့နေရာလောက်ကနေ သူငယ်ချင်း ခြင်ထောင်ကို ဆတ်ခနဲ မပြီး မီးထိုး ကြည့်တော့ သကောင့်သားမောင်ကျော်ကြီးက စောင်ကြီးခေါင်းမြီးခြုံလို့  တုပ်တုပ်မှ မလှုပ် အိပ်နေလိုက်တာ.. ကျွန်တော်လည်း သက်ပြင်းချ.ပြီး တခြားလူတွေနိုးသွားမှာစိုးလို့ လေသံလေးနဲ့ ..
" ဟေ့ကောင်.. ဟေ့ကောင်... " ဆိုပြီး ခေါ်လည်းခေါ် ... စောင်လည်း ဆွဲချလိုက်တော့မှ.. ကိုယ့်ဆရာက မအိပ်သေးဘူးဗျ... တစ်ခါမှ မစိတ်တဲ့ သူ့ခေါင်းရင်းက လူရှိန်ပုတီးကြီး လည်ပင်းမှာစွပ်လို့  ကျွန်တော့်ကိုလည်း ပုတ်ခပ်ပုတ်ခပ်မျက်လုံးအစုံ နဲ့ ကြည့်နေတာ များ ရီတောင်ရီချင်စရာ.. ရုပ်ကိုက.. ကျွန်တော် အခုပြန်တွေးကြည့်ရင် ပြန်မြင်ယောင်ပြီး အခုရယ်ချင်စိတ်ပေါက်တယ်... ကျွန်တော်လဲ လေသံနဲ့...


" စောစော က မင်းကုတင်ထဲ မည်းမည်းအရိပ်ကြီး ဝင်သွားလို့ငါ စိတ်ပူလို့ ကွ " လို့ လဲပြောရော.. မောင်ကျော်ကြီး က ငေါက်ကနဲ ထပြီး တခစ်ခစ်နဲ့ အသံအုပ်ပြီး ရယ်ပါလေရော... ဒါနဲ့ကျွန်တော်လည်း ဒီကောင်အပများမှီနေသလား... ငါပြောတာ ဘာရယ်စရာပါလို့လဲ ဆိုပြီး တွေးလဲတွေး ကြောက်လဲကြောက်ပေါ့.. နောက် လေသံအုပ်ပြီးမေးတော့မှ..
".. စောစောက အပြင်မှာ မင်းတွေ့တာက ငါကွ.. ငါဘာလို့  အပြင်ထွက်ပြီး တရှုးရှူးလုပ်ရသလဲ ဆိုတော့ အပုပ်နံရလို့  ကုတင်ပတ်ပြီး ရှာရင်းရှုကြည့်နေတာတဲ့... ပြီးမှ အနံ့ က မင်းကုတင်ဘက်ကမှန်းလဲသိရော ငါလည်း လန့်ပြီး စောင်ခေါင်းမြီးခြုံ ပုတီး လည်မှာ ပတ်ပြီး ဘုရားစာရွတ်ပြီး ကြိုးစားပြီးအိပ်ဖို့  လုပ်နေတာ... " တဲ့..


ကျွန်တော်လည်း... " အဲဒီအပုပ်နံ့ .. ငါ့ကုတင်ဘက်က ရတာနဲ့ပဲ အရမ်းကြောက်ရရောလား.. " ဆိုပြီး မေးပြန်တော့မှ ကျော်ကြီး က သူတွေ့လိုက်တဲ့ အကြောင်းအရာကို စ ဆုံး ပြော ပြတာ...
" ညက ဒို့ နှစ်ယောက် ပေါက်ကရပြောပြီး အိပ်ရာ ဝင်တော့ ချက်ခြင်းအိပ်မပျော်သေးတာနဲ့ ဟိုလှိမ့် ဒီလှိမ့် လုပ်နေတုန်း အခန်းဝ တစ်ယောက်ယောက် ဝင်လာသလို စိတ်ထင်မိလို့  မျက်စိ တဝက်လောက် ဖွင့် ကြည့်လိုက်တော့  လူမှလူရိပ်စစ်စစ် .. ဒါပေမယ့် ဝင်လာတဲပုံက လမ်းလျှောက်သလို မဟုတ်ဘဲ ဘုတ်စကိတ် ပေါ် လူတက်စီးလာသလို တောင့်တောင့်ကြီး ရွေ့ လာတာကွ... ထူးခြားတာက အဲဒီအရိပ်က တော်တော်ပုပု သေးသေးလေး... ခန့် မှန်း ငါတို့ ရင်ခေါင်းလောက်ဘဲရှိမယ်ကွ... ပြီးတော့ မင်းနဲ့ငါ့ ခြေရင်းလောက်လဲရောက်ရော ရုတ်တရက်ရပ်နေပြီး ငါ မျက်တောင်တစ်ခါလေး ခတ်မိပါတယ် ပျောက်သွားရော... ငါလည်း ကြောက်တာမှ အသက်တောင်မရှုမိဘူးထင်တာပဲ... ပြီးလဲပြီးရော အပုပ်နံကြီးရလာတာပဲကွာ... နေ့လည်က ရတဲ့အနံ့လိုမျိုးကြီး ရလာလို့ ငါ့ စိတ်ပုတီးကို လည်ပင်းကောက်စွပ် အရိပ်ကြီးက တို့ခြေရင်းမှာ ပျောက်သွားတာဆိုတော့ ငါလဲတုန်နေတဲ့ ဒူးနှစ်ဖက်ကို အနိုင်နိုင်ထိန်းပြီး ခြင်ထောင်ထဲက ကြိုးစားထွက်... ဘေးပတ်လည်ကို လေ့လာ ကြည့်တာနေတာကွ... ဒါနဲ့ မင်းကုတင်ဘက်ဆီ က အပုပ်နံ့ စူးခနဲ တစ်ခါလဲထပ်ရရော ငါလည်း ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ ခြင်ထောင်ထဲ ပြန်ဝင်ပြီး အခုလို ကွေးနေတာ မင်းရောက်လာတဲ့အထိပဲကွ... " ဟု ရှည်လျှားစွာရှင်းပြပြီး ကျွန်တော် နာရီကြည့်လိုက်မိတော့ နံနက် ၃ နာရီ ရှိလေပြီ။


ကျွန်တော်လည်း သူငယ်ချင်းပြောပြသမျှကို ယုံရခက် မယုံရခက် တွေဝေနေပြီး ကိုယ့်ခုတင်ကိုယ်ကြောက်ကြောက်နဲ့ ပြန်အိပ်ရတာပေါ့.. မှေးခနဲ အိပ်ပျော်မယ်ကြံတုန်း ကျွန်တော်သတိထားမိလိုက်တာ ကျွန်တော့်ခေါင်းအုံး အလွန်အမင်း ပျော့ပြောင်းနေခြင်းပါ.. ကျွန်တော်လဲ မသင်္ကာံတာနဲ့ ခေါင်းအုံးအစွန်ဘက်ကို ခေါင်းရွေ့ကြည့်ပေမယ့် ခေါင်းအုံးက မဆုံးနိုင်ဘဲ ခုတင်အစွန်းကို လူသာ ရောက်သွားတယ် ခေါင်းအုံးက အဆုံးဆိုတာမရှိဘူး.. ဒါနဲ့ ဒီဘက်ပြန်လှိမ့်ကြည့်တော့လဲ မဆုံး... သိလိုက်ပါပြီ ... ငါ့ခြင်ထောင်ထဲ ငါမရှိတုန်း ဟိုပုကွကွ အရိပ်ဆိုတာကြီး ဝင်နေပြီဆိုတာကိုပေါ့... ပထမဆုံး သိလိုက်ပြီဆိုတာနဲ့ သတိရမိတာက ထွက်ပြေးဖို့ပေါ့... အားကုန်ထလိုက်တယ်...

ဒါပေမယ့် ခေါင်းက ခေါင်းအုံးနဲ့မခွာနိုင်ဘူး... တစ်ကိုယ်လုံး လှုပ်နိုင်တယ်.. ခေါင်းလုံးဝ မထောင်နိုင်ဘူး ကပ်နေတယ်... နောက်တော့အော်ဖို့ သတိရလာတယ်... ပါးစပ်ဟပြီး ကျော်ကြီးရေ လုပ်ပါဦးဟ လို့  ရင်ခေါင်းသံနဲ့ အသားကုန်အော်ပေမယ့် လည်ခေါင်းကြီးက ပျော့စိစိဖြစ်ပြီးတော့ တစ်ခုခုက ဆုတ်ညှစ်ထားသယောင်ပေါ့... နောက်မှ ဘုရားစာ ရွတ်ဖို့  သတိဝင်လာတာ.. အဲဒီအချိန်မှာ စရွတ်ဖို့စဉ်းစားတာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပေါ့... ဒါပေမယ့် အစကို မေ့နေပြန်ရော.. စိတ်ထဲမှာရွတ်နေပြီ.. ပါးစပ်ကြီးက အစ ရှာမရတာ... ဘယ်လိုကြီးလဲ မသိပါဘူးဗျာ.. ခံစားချက်က စိတ်နဲ့ လူမကပ် သလိုလို... ကိုယ်ကိုကိုလဲ အားမရ ဒေါသထွက်လာတယ်.. စိတ်ထဲမှာဖြစ်ပြီး အသံမထွက်တဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းလာတယ်.. အဲဒီခံစားချက်ကြီးက စက္ကန့်ပိုင်းအတွင်းအမျိုးမျိုး ဖြစ်နေတာနော်...

 နောက်ထပ်အတွေးက အမေ အဖေ ဆိုပြီး အော်ဖို့  ကြိုးစားမိပြန်ရော.. လုံးဝ အသံ မထွက်ဘူးဗျာ.. ထွက်လာတာက မျက်ရည်တွေနဲ့ လက်မဝက်လောက်ရှိမယ့် ကြက်သီးလုံးကြီးတွေ တစ်ကိုယ်လုံးပဲ.. နောက်ဆုံး ခြေကုန်လက်ပန်းကျလုလုဖြစ်တော့မှ ရုတ်တရက် ပါးစပ်က ထွက်လာတဲ့ စကားလုံးက ကျွန်တော့်ကိုကယ်လိုက်တာ.. ကျွန်တော် အကျယ်ကြီး အော်မိတာက (မြတ်စွာဘုရား ကယ်တော်မူပါ)...တဲ့ ... ဘယ်လောက်တောင်အံသြဖို့ကောင်းသလဲဆို လူက ငေါက်ခနဲ ထိုင်နိုင်သွားတယ်ဗျာ... တစ်ယောက်ထဲ ကြောက်လည်းကြောက် မျက်ရည်တွေလည်းကျမိလို့  ရှက်လဲရှက် ဒေါသကလဲထွက် နဲ့ ပြဿနာဒီလောက်ရှာတဲ့ ခေါင်းအုန်းတွေ့ရောပေါ့ကွာ ဆိုပြီး ခေါင်းရင်းတံခါးမှန်ကို ဖွင့် ခေါင်းအုံးကို မ ပြီး ကော်ရစ်တာကို လွှင့်ပြစ်လိုက်တာ ဖုတ်ဆိုတဲ့ အသံနဲ့ ခေါင်းအုံးက ကော်ရစ်တာကြမ်းပြင်မှာ လိမ့်ခနဲ လျောကျသွားတယ်... ပထမတစ်လိမ့်က ခေါင်းအုံး ပုံ...ဒုတိယတစ်လိမ့်မှာတော့ ကော်ရစ်တာမီးရောင်ဖျော့ဖျော့ အောက်မှာ မြင်လိုက်ရတာကတော့
 ယောဂီရောင် အောက်ခံအကျီကြီးဖြစ်နေတယ်ဗျ... ကျွန်တော်လဲ တံခါးအမြန်ပြန်ပိတ်.. အခန်းထဲရှိရှိသမျှ မီးချောင်းတွေ အကုန်လိုက်ဖွင့်ပြီး ကုတင်ပေါ်မှာထိုင်ပြီးရသမျှတွေ ရွတ်ဖတ်နေလိုက်တာ အခန်းဖော်တွေနိုးလာတဲ့ မနက်ဝေလီဝေလင်းထိပေါ့...

မနက် ၆ နာရီလောက်ရောက်တော့မှ လူတွေနိုးထ လှုပ်ရှားတာ သေချာမှ ကော်ရစ်တာကို အရဲစွန့်ပြီး ညက လွှင့်ပြစ်လိုက်တဲ့ ခေါင်းအုံးကို သွားပြန်ကြည့်တော့ရဲတော့တယ်.... ထူးဆန်းတာနောက်တစ်ခု တွေ့ ပြန်ပါရော... ခေါင်းအုံးဆီကနေ မနေ့ က ကျွန်တော်ရခဲ့ တဲ့ ပုပ်အက်အက် အနံကြီး ထောင်းထောင်းထနေလိုက်တာဗျာ... မနက်စောစောစီးစီး စိတ်ထဲမှာတောင် နဲနဲအော်ကလီဆန်သွားသလိုပဲ.. ဒါပေမယ့် ထူးခြားတာက ကျွန်တော်ကလွဲရင်ဘယ်သူမှ ဒီအနံ့ကို မရကြတာပဲ...နောက်တစ်ခုက ခွဲစိတ်တဲ့နေရာမှာထားတဲ့ ဖွားသီလရှင်အလောင်းမှာလည်း အပေါ်ကလွှမ်းထားတဲ့ ယောဂီရောင် အကျီကလည်း အောက်ကိုလွင့်ကျနေတယ်.. တိုတို ပြောရရင် ဒီခေါင်းအုန်းကို ကျော်ကြီး အကူအညီနဲ့ပဲ ဖွားသီလရှင် အလောင်းရဲ့  ခေါင်းအောက်ပြန်ထည့်ပြီး လှူဒါန်းပါတယ်...

စော်ကား မိတဲ့အတွက်လဲခွင့်လွှတ်ပါလို့ ပြောပြီးကြောက်ကြောက်နဲ့ ခေါင်းကိုအသာမ ခေါင်းအုံးကိုထိုးထည့် ပါးစပ်ကလည်း တောင်းပန် ဇောချွေးလဲနှစ်ယောက်သား ပြန်နေကြပေမယ့် အသက်မဲ့ ဖွားသီလ ခန္ဓာကိုယ်ကြီးကတော့ အေးစက်တောင့်တင်းငြိမ်သက်ပြီး ညက သူမဟုတ်သလိုနဲ့ နောက်လာမယ့် PRATICAL group တွေအတွက်အသင့်အနေထားပေါ့ဗျာ....

From: Htoo Myat

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...