Tuesday, 4 November 2014

မိမိတောင်းဆိုထားသည့် ကြုံထောင့်ကြုံခဲ အခွင့်အရေးကို စိုးစဉ်းမျှ အသုံးမချနိုင်ဘဲ ဗလာဖြင့် ပြန်ခဲ့သည့် ဒေါ်စုအရည်အချင်းကို သံသယဖြစ်မိပါတယ်



၂၀၁၃ ခု၊ နှစ်ဆန်းပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည် တွင်တွင်ကျယ်ကျယ် တောင်းဆိုခဲ့ခြင်းမှာ သမ္မတ၊ လွှတ်တော်၊ ကာချုပ်တို့နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးရေးဖြစ်သည်။ မိန့်ခွန်းတိုင်း၊ အင်တာဗျူးတိုင်း တွင် ထည့်သွင်းပြောဆိုလေ့ရှိသည်။ အထူးသဖြင့် ကာချုပ်နှင့် ပြင်းပြင်းထန်ထန် တွေ့ဆုံလိုစိတ် ဒေါ်အောင်ဆန်း စုကြည်တွင် ရှိသည်ဟု ထင်ရပြီး တွေ့ဆုံပါက မနားတမ်းပြောမည့် အနေအထားများလည်း တွေ့ရသည်။ မန္တလေး အောင်ပင်လယ်ကွင်းတွင် ကာချုပ်နှင့် တပ်မတော်ကို စိန်ခေါ်ကြောင်း ပြောခဲ့ဖူးသလို ရန်ကုန်မြို့ NLD ရုံးခန်းတွင် မိမိတို့က ကြောက်စရာကောင်းလို့ ကာချုပ်က မတွေ့တာလားဟု သတင်းထောက် များကို ပြောဆိုခဲ့ဖူးသည်။

မည်သူမျှ မျှော်လင့်မထားချိန်တွင် အာရုံလွှဲဖို့ဖြစ်စေ၊ အိုဘားမားကို ဇတ်ကြောဆွဲဖို့ဖြစ်စေ သမ္မတမှ ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားပုဂ္ဂိုလ်များနှင့် စားပွဲဝိုင်းတစ်ခုတည်း ထိုင်ဆွေးနွေး မည်ဟု ကြားသိရခြင်းက လူထုအခြား လှုပ်ရှားစေခဲ့သည်။ အစည်းအဝေးအတွက် မျှော်လင့်ချက်များ ထားရှိ ခဲ့ကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းသာခဲ့ကြရသည်။ သူမ တောင်းဆိုနေသည့် အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ကာ မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့ကြသည်။

စင်ပေါ်တက်ပြီး မိုင်ကရိုဖုန်းကိုင်မိချိန်များ၊ နိုင်ငံခြားက ပုဂ္ဂိုလ်များနဲ့ ပြည်တွင်း/ပြည်ပမှာ တွေ့ချိန်တိုင်း တွင် ရေပတ်မဝင်အောင် ပြောတတ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ကျင်းပတဲ့ ၅ ပွင့်ဆိုင် ထိပ်သီးအစည်းအဝေး၌ ပြည်သူအများမျှော်လင့်သလို ဖြစ်မလာဘဲ ပါးစပ်ပိတ် စွံ့အ နေခဲ့သည်။ အသိနောက်ကျလို့ ဘာမှ ဆွေးနွေးစရာမရှိဘူးဟု ဆိုကာ မျက်နှာလွှဲနေခဲ့သည်။
ဖြစ်သင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို မမျှော်လင့်ဘဲ မျက်နှာချင်းဆိုင်ဆွေးနွေးရ သည့် အခွင့်အရေးကို အရအမိ အကောင်းဆုံးအသုံးချရမည်ဖြစ်သည်။ ပြည်သူအများစု ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို အားကိုးတကြီး မျော်လင့်ထားကြသည်ကို စဉ်းစားသင့်သည်။

သို့သော် ပြည်သူ့ မျှော်လင့်ချက်များ အချည်းအနှီးဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် ရိုက်ချိုးပစ်ခဲ့သည်။
“ကျွန်မမှာ အချိန်ကပ်ပြီးမှသိရလို့ ပြင်ဆင်ချိန်မရခဲ့ဘူး၊ ဗဟိုကော်မတီနဲ့ မဆွေးနွေးခဲ့ရလို့ ဘာမှ ဆွေးနွေးစရာ မရှိဘူး” ဟုဆိုပြီး မျက်နှာလွဲသွားခြင်းက ခေါင်းဆောင်ကောင်းတစ်ယောက် မပီသဟု လူအများက သုံးသပ်ကြသည်။ ယခုကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ဘယ်တော့ရမလဲ မသေချာပေ။ ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ ကျန်ပုဂ္ဂိုလ်အများစုမှာ နောက်တစ်နှစ်စာအတွင်းလုပ်ရမည့် အချိန်စာရင်းနှင့် အလုပ်များပြည့်နေသူများဖြစ်သည်။ နောက်တစ်ကြိမ် အားလုံးအားလပ်မည့်ရက်မှာ မသေချာလှသလို ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန်မှာလည်း တစ်နှစ်ပင် ကျန်တော့ပေသည်။ တောင်းဆိုခဲ့ သည့် မဟာအခွင့်အရေး တစ်ခုကို ကောင်းစွာအသုံးမချနိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး အရည် အချင်းကို သံသယဝင်မိ သည်။

လူထုခေါင်းဆောင် (သို့)လူထုအကျိုး ခေါင်းထဲထည့်ထားသူတစ်ဦးအတွက် ပြည်သူ့အကျိုး အတွက် ပြောဆို စရာ အများအပြား နှုတ်ဖျားတွင် အဆင်သင့်ရှိနေရမည်ဖြစ်သည်။ ၅ မိနစ် ၁၀ မိနစ်အတွင်း တောင်းဆို စရာများ၊ ထောက်ပြစရာများ၊ ဆွေးနွေးစရာများကို တစ်ရေးနိုးထမေးလျှင်တောင် ပြောဆိုနိုင်ရမည်ဖြစ်သည်။ ၅၉(စ) နှင့် ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းထဲတွင် ပြည်သူ့အရေး ထက် ၎င်းသမ္မတဖြစ်ရေးနှင့် ပါတီအာဏာရှင်ဖြစ်ရေးသာရှိသူဟု ဝေဖန်မှုများရှိခဲ့သည်။ ၅ ပွင့်ဆိုင်ဆွေးနွေး ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့အရေး ဘာမှ ဆွေးနွေးစရာ မရှိခြင်း က လူထုအရေး ထက် ပါတီအရေး၊ သမ္မတဖြစ်ရေး ဦးစားပေနေမှုကို သက်သေပြ သကဲ့သို့ ဖြစ်စေ သည်။

ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အခြားသူများဆွေးနွေးခဲ့သည့် ပညာရေး၊ ကျန်းမာရေးကို ပါဝင် ဆွေးနွေး သင့်ပေသည်။ ပညာရေး၊ ကျန်းမာရေးကို ၅ ပွင့်ဆိုင် ဆွေးနွေးမှု ခေါင်းစဉ်နှင့် မဆိုင်ဟု သတ်မှတ်ထား လျှင်လည်း ခေါင်းစဉ်နှင့် သက်ဆိုင် သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို ထဲထဲဝင်ဝင် ဆွေးနွေးသင့် သည်။ မြန်မာပြည်ရှိ တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးက ငြိမ်းချမ်းရေး လက်တွေ့ မလုပ်နိုင်ဟု လူအများက ဝေဖန်နေကြချိန်တွင် ယခုကဲ့သို့ ကြုံတောင့်ကြုံခဲ အခွင့်အရေးတွင် ငြိမ်းချမ်းရေး စကားလုံးများကို အားရပါးရ ဆွေးနွေးသင့်သည်။ သို့သော် ဦးခင်မောင်ဆွေ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို သာ နားထောင် ပြန်ခဲ့ရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိမှုကိုပင် သံသယ ဝင်မိပြန်သည်။
နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရေပတ်မဝင်အောင် ပြောခဲ့သည့် အချိန်တိုင်းသည် ၎င်းအား ထောက်ခံ သည့် လူအများရှေ့၊ ၎င်းအား ထောက်ခံမေးမြန်းသည့် မီဒီယာများရှေ့တွင် ဖြစ်သည်။ ယခုနှစ် အတွင်း တပ်ကုန်းမြို့က အဘိုးအိုတစ်ဦး၏ ထောက်ပြချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် ပညာသား ပါပါ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ စကားလုံးအကျအနသာ ကောက်ခဲ့ရသည်။ ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ၏ ဒီဘိတ် အရည်အချင်းကို လူအများ သံသယ ဖြစ်ခဲ့ကြဖူး သည်။ ယခု တွေ့ဆုံပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမဘက်က တစ်ခွန်းပြောလိုက် သည်နှင့် တစ်ဖက်မှ ပညာသားပါပါ ထောက်ပြမည်ကို ကြောက်ရွံ့နေဟန်ရှိပေသည်။ မိမိကိုယ်ကို ယုံကြည်မှု နည်းဟန်ရှိသလို တပ်ကုန်းအဖိုးအိုနှင့် ရန်ပွဲကဲ့သို့ ဒုတိယအကြိမ် အရှက်ကွဲမည်ကိုလည်း စိုးရိမ်ဟန် ရှိပေသည်။ ထို့ကြောင့် အခွင့်အရေးကို လက်လွှတ်ကာ ဘာမှမဆွေးနွေးဘဲ ငူငူကြီးထိုင်ကာ ပြန် လာခြင်းဖြစ်နိုင် သည်။

အစည်းအဝေးပြီးချိန် ဒေါ်အောင်ဆန်းစုကြည်အား ရလဒ်များကို မေးမြန်းချိန်တွင် တွေ့ဆုံလိုသည့် ၃ ဦးလုံး ယခုဆွေးနွေးပွဲတွင် ပါနေသည်ဖြစ်သော်လည်း ယခုဆွေးနွေးပွဲသည် လေးပွင့်ဆိုင် မဟုတ်ကြောင်း ဖြေကြား ခဲ့သည်။ ၄ ဦးအပြင် အခြားသူများ ပါဝင်ခြင်းက အနှောက်အယှက်ဖြစ်စရာဟု အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထင်သနည်းကို မည်သူမျှ မမေးရဲခဲ့ပေ။ ၄ ဦးတည်းတွေ့ချိန် တွင် ပြောမည့်စကား ကို ၄ ဦး တွေ့ချိန်တွင် ဘာကြောင့် မပြောနိုင်ရသနည်း။ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ ၄ ဦးသာ အရေးပါသူဟု ဒေါ်အောင်ဆန်းစုကြည် အဘယ်ကြောင့် ထင်နေသနည်း။ စဉ်းစားစရာဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ မိမိတောင်းဆိုထားသည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးကို စိုးစဉ်းမျှ အသုံးမချနိုင်ဘဲ လက်ဗလာဖြင့် ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းကို သံသယဖြစ်မိပါသည်။


From: (ဒေါက်တာ မျိုးချစ်)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...