Tuesday, 25 November 2014

အနုပညာပျိုးခင်းရဲ့ စည်းကမ်းချက်တွေနဲ့ ခြေလှမ်းစတော့မယ့် တက်သစ်စ မင်းသမီးများ

အနုပညာပျိုးခင်းရဲ့ မင်းသမီးသစ်တွေဖြစ်တဲ့ ပိုင်ဖြိုးသု၊ ရွှေသမီးနှင့် ရတနာဗို။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)အနုပညာပျိုးခင်းရဲ့ မင်းသမီးသစ်တွေဖြစ်တဲ့ ပိုင်ဖြိုးသု၊ ရွှေသမီးနှင့် ရတနာဗို။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)
မြန်မာ့ရုပ်ရှင်လောကက ထိတ်ထိတ်ကြဲမင်းသား ငါးယောက်ဖြစ်တဲ့ လူမင်း၊ နေတိုး၊ ပြေတီဦး၊
မြင့်မြတ်၊ ခန့်စည်သူတို့နဲ့ နာမည်ကြီး ဒါရိုက်တာ ၀ိုင်းတို့ ပူးပေါင်းပြီး ဒုတိယအကြိမ်အဖြစ်
သရုပ်ဆောင် မင်းသမီး သုံးယောက်ကို လက်တွဲခေါ်ယူလိုက်ပါပြီ။
ပထမအကြိမ် အနုပညာပျိုးခင်းမှာ သရုပ်ဆောင်သစ်တွေဖြစ်တဲ့ အိချောပို၊ ယုသန္တာတင်နဲ့
ရွှေမှုန်ရတီတို့ကို ရွေးချယ်ခဲ့ပြီး အခုတစ်ခေါက်မှာတော့ မြန်မာတစ်နိုင်ငံလုံးက သရုပ်ဆောင်
ဝါသနာပါသူတွေအတွက် အခွင့်အရေးအနေနဲ့ ဂျာနယ်တွေကတစ်ဆင့် ကြိုတင်ကြေညာခဲ့ကြပြီး
နောက်ဆုံးမှာတော့ ပိုင်ဖြိုးသု၊ ရွှေသမီးနဲ့ ရတနာဗိုတို့ကို လူအယောက် ၂၀၀ ကျော်မှ အဆင့်ဆင့်
ရွေးချယ်ခဲ့ပါတယ်။
"အမှန်တကယ်တော့ အခုအစီအစဉ်မှာ နှစ်ယောက်ပဲ ရွေးချယ် စင်တင်မယ်လို့ ရည်ရွယ်ထားတာ
ပါ။ ဒါပေမဲ့လည်း နောက်ဆုံးကျန်တဲ့ သူတို့ သုံးယောက်ထဲက တစ်ယောက်ကို ဖြုတ်ရမှာ
နှမြောလို့ အားလုံး သဘောတူညီစွာနဲ့ သုံးယောက်စလုံးကို ရွေးချယ်ဖြစ်ခဲ့တယ်" လို့ ခန့်စည်သူက
ဆိုပါတယ်။
အနယ်နယ်အရပ်ရပ်က လျှောက်လွှာ ၂၂၇ စောင် လက်ခံရရှိခဲ့ပြီး ဆန်ခါတင် ၁၃ ဦးကို
ရွေးချယ်နိုင်ခဲ့ကာ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ နောက်ဆုံးမှာတော့ ငါးဦးထဲကမှ သုံးဦး
စသဖြင့် အဆင့်ဆင့်ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ခန့်စည်သူ က ပြောပါတယ်။
"ဒီအစီအစဉ်ကို စီစဉ်ခဲ့ရတဲ့ ရည်ရွယ်ချက်က အနုပညာကို တကယ်ဝါသနာပါပြီး ကြိုးစားချင်စိတ်၊
ဖြစ်ထွန်းချင်တဲ့စိတ်ရှိတဲ့ အနုပညာ ရှင်မင်းသမီးလေးတွေကို ကျွန်တော်တို့ရဲ့ ဖြတ်သန်းခဲ့တဲ့
အနုပညာအတွေ့အကြုံတွေကိုလည်း မျှဝေပေးရင်း အနုပညာလောကမှာ တကယ်လိုအပ်နေတဲ့
အရည်အချင်းရှိတဲ့ မင်းသမီးတွေ ပေါ်ထွက်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စလုပ်ခဲ့တာဖြစ်တယ်"
လို့ အကယ်ဒမီ နေတိုး က ပြောပြခဲ့ပါတယ်။
ပထမအကြိမ်က မင်းသမီး သုံးယောက်က ပြည်သူချစ်တဲ့ မင်းသမီးများ ဖြစ်လာခဲ့ပြီး သူတို့ရဲ့
အနုပညာစွမ်းရည်ကိုလည်း အနုပညာလောကမှာသာမက ပြည်သူများကပါ အသိအမှတ်ပြု
ခံခဲ့ရပါတယ်။
အဲဒါကြောင့် ဒုတိယတစ်ခေါက်မှာကော ရွေးချယ်ထားမှု အောင်မြင်ပါ့မလားဆိုတာကိုလည်း
သူတို့ခြောက်ဦးက "အောင်မြင်တယ်၊ မအောင်မြင်ဘူးကတော့ သူတို့ပေါ်မှာ မူတည်ပါတယ်။
သူတို့ရဲ့ ကြိုးစားမှုက သက်သေပြသွားမှာပါ။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက်
အစွမ်းကုန် သူတို့ကို မျှဝေပေးရင်း လက်တွဲခေါ်သွားမှာပါ" လို့ ဆိုခဲ့ကြပါတယ်။
အခုတစ်ခါမှာတော့ သုံးနှစ်စာချုပ်နဲ့ အနည်းဆုံး ၁၅ ကားလို့ပဲ သတ်မှတ်ထားပြီး
တခြားစည်းကမ်းချက်တွေလည်း တိုးထားပါတယ်။
"ပထမတစ်ခေါက်တုန်းကလည်း ၁၅ ကားလို့ ပြောခဲ့ပေမယ့် တစ်ယောက်ကို ဇာတ်ကား
၁၀၀ ၀န်းကျင်လောက်ထိ ရိုက်ဖြစ်ခဲ့ပါတယ်။ စာချုပ်သက်တမ်းအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီး
တွေကိုလည်း အလျဉ်းသင့်ရင် သင့်သလို ထည့်ရိုက်သွားမယ်" လို့ ပြေတီဦး က ပြောပါတယ်။
စာချုပ်ထဲမှာပါတဲ့ တခြားစည်းကမ်းတွေထဲက အဓိကအနေနဲ့ကတော့ အကျင့်စာရိတ္တပိုင်းနဲ့
ပတ်သက်ပြီး နာမည်ပျက်၊ နာမည်ဆိုး လုံးဝ မထွက်ရဘူး။ တကယ်လည်း မဖြစ်ရဘူး။
တကယ်ဖြစ်နေတယ်၊ အဲဒီလိုသတင်းတွေ ထွက်မယ်ဆိုရင် အနုပညာပျိုးခင်းကို သိန်း ၃၀၀
ပေးလျော်ရမှာ ဖြစ်ပြီး စာချုပ်စည်းကမ်းဖောက်ဖျက်ခဲ့ရင်လည်း ရိုက်ကူးဖို့ ကျန်တဲ့ ဇာတ်ကား
အရေအတွက်အတိုင်း သတ်မှတ်ထားတဲ့ အနုပညာကြေးတွေကို ပြန်လျော်ရမှာ
ဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။
အကယ်ဒမီ လူမင်းကလည်း "မင်းသမီးတွေပဲ တင်နေလို့ မင်းသားတွေ တင်ဖို့ကော အစီအစဉ်
မရှိဘူးလားလို့ မေးခွန်းတွေ အတွက်ကတော့ ကျွန်တော်တို့ မတင်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ အခြေအနေတွေက ကွာခြားပါတယ်။ အခုလို သရုပ်ဆောင် မင်းသမီးအသစ်တွေကို
လက်တွဲခေါ်ယူတယ်ဆိုတာ ကိုယ်နိုင်နင်းတဲ့ အင်အားနဲ့ တတ်နိုင်တဲ့ အခြေအနေနှစ်ခုကြောင့်သာ
လုပ်ဖြစ်တာပါ။ မင်းသားအသစ်တွေကိုလည်း အများကြီး ပေါ်ထွက်လာစေချင်ပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့ နိုင်ငံမှာက မင်းသားဈေးကွက်နဲ့ ဦးဆောင်တဲ့အတွက် ဦးဆောင်မယ့်
လူတစ်ယောက်ကို မွေးထုတ်ရတာ အခက်အခဲအများကြီး ရှိပါတယ်"လို့ ပြောပါတယ်။
အောင်မြင်တဲ့ မင်းသားတစ်ယောက် ထွက်ပေါ်လာဖို့ ထုတ်လုပ်သူဘက် အပိုင်းမှာလည်း
မူတည်နေပြီး မင်းသားအချင်းချင်း မွေးထုတ်ဖို့ဆိုတဲ့ အခြေအနေကို အိပ်မက်အဖြစ်နဲ့သာ
ဆက်မက်ပါဦးမယ်လို့ သူက ဆိုပါတယ်။
မကြာခင်အချိန်မှာပဲ ရွေးချယ်ထားတဲ့ မင်းသမီးသစ် သုံးယောက်အတွက် ဇာတ်လမ်းတွေ၊
ဇာတ်ကားရိုက်ကူးဖို့ အချိန်ဇယားတွေကို စတင်စီစဉ်တော့မှာ ဖြစ်တယ်လို့လည်း လူမင်း က
ပြောပါတယ်။
"သမီးက အရင်က ဇာတ်ကားတွေ ရိုက်ကူး ဖြစ်ခဲ့တယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် အနုပညာ
အရည်အသွေး မပြည့်ဝသေးဘူးလို့ ခံယူထားတဲ့အတွက် အစွမ်းကုန် ကြိုးစားသင်ယူရင်း
ဆရာတွေ မျက်နှာမပျက်အောင် ကြိုးစားသွားမှာပါ။ ဦးလူမင်း ပြောသလို အနုပညာခရီးလမ်းက
ခရောင်းလမ်းလည်း ဖြစ်နိုင်သလို ဘယ်လို ကြမ်းတမ်းတာတွေကို ဖြတ်သန်းရမယ်ဆိုတာ
မသိနိုင်ဘူးဆိုပေမယ့် ဒီအနုပညာလောကကို ခြေစုံပစ်ဝင်လိုက်တဲ့ အချိန်ကစပြီး အစွမ်းကုန်
ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်"လို့ တက်သစ်စ သရုပ်ဆောင် မင်းသမီး ပိုင်ဖြိုးသု က
ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ခေါက်က မင်းသမီး သုံးယောက်လို ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုတွေနဲ့
အောင်မြင်နိုင်မလားဆိုတာကိုတော့ အချိန်အတိုင်းအတာ တစ်ခုအထိတော့ စောင့်ကြည့်ရဦးမှာပါ
လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။

From:MM Time

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...