Friday, 21 November 2014

KIA ဖမ်းဆီးထားသော ရှမ်းနှင့် အခြားတိုင်းရင်းသား (၁၀၀)ကျော် ချုပ်နှောင်ခံထားရ

Photo: KIA ဖမ်းဆီးထားသော ရှမ်းနှင့် အခြားတိုင်းရင်းသား (၁၀၀)ကျော် ချုပ်နှောင်ခံထားရ

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ဖမ်းဆီးခံရသော မှော်သူမှော်သားများမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့တွင် ယနေ့အချိန်ထိ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့၌ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) က ထုတ်ဖော်ပြောဆိုလိုက်သည်။

`` ထင်ကြေးနဲ့ပြောတာမဟုတ်ပါဘူး၊ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံတွေဆီက အဖြေရပြီးတော့မှ ထုတ်ဖော် ပြောဆိုတာပါ၊ အတိအကျထပ်ပြောရရင် KIA အဖွဲ့က ဖမ်းထားပြီး ချုပ်နှောင်ခံထားရတဲ့ တိုင်းရင်းသား ၁၀၀ ကျော်ရှိ နေပါတယ် ´´ ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

KIA အဖွဲ့၊ တပ်ရင်း (၁၄) တွင် ချုပ်နှောင်ခံထားသော မှော်သူမှော်သား(၁၀၀)ကျော်တွင် ရှမ်းနီလူမျိုးများ အပါအ၀င် လီဆူး၊ ရ၀မ်၊ ကဏန်းနှင့် ပလောင်တိုင်းရင်းသားများ အဓိကဖြစ်ကြောင်း သိရသည်။

`` မူးယစ်ဆေးသုံးတယ်ဆိုပြီး ဖမ်းခေါ်သွားတာ၊ အချုပ်ထဲ ထည့်ထားတယ်၊ ရိုးရိုးထည့်တာမဟုတ်ဘူး၊ ချိန်း ဘလောက်ကြိုးတွေနဲ့ သံခြေချင်းခတ်ပြီးတော့ ချုပ်ထားတာ၊ အစားအစာလည်း မ၀ရေစာကျွေးတာ၊ ကျန်ခဲ့တဲ့သူတွေ ကိုလည်း လွတ်မြောက်စေချင်ပါတယ်ဗျာ ´´ ဟု ပြန်လည်လွတ်မြောက်လာသော မိုးကောင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ထားသူများတွင် ဒေသခံအမျိုးသမီးများလည်း ပါဝင်နေရာ (၃၀) ထက်မနည်းရှိကြောင်း၊ ကျန်းမာရေးချို့တဲ့မှုကြောင့် အချို့အမျိုးသမီးများမှာ အသက်ဆုံးရှုံးသွားရကြောင်း၊ ကျန်းမာရေးမကောင်းမှန်းသိလျက် KIA အဖွဲ့မှ ဆေးတစ်လုံးပင်မတိုက်ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပြီး သေအောင်သတ်နေခြင်းဖြစ်ကြောင်း တနိုင်းမြို့သို့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာသော မှော်လုပ်သားတစ်ဦးထံမှ သိရသည်။

`` မူးယစ်ဆေးစွဲရင် ဆေးရုံကဆေးဖြတ်ပေးပါလိမ့်မယ်၊ တရားဥပဒေအရ အရေးယူဖို့ တရားရုံးရှိပါတယ်၊ KIA ဟာ ပြည်သူကို အဲဒီကိစ္စတွေလုပ်ပေးဖို့ တာဝန်ပေးခံထားရတဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းမဟုတ်ပါဘူး၊ ဖမ်းထားတာတွေ ပြန်လွှတ်ပေးဖို့ KIO ဆက်ဆံရေးရုံးကနေ ဆက်သွယ်အကြောင်းကြားထားပါတယ်၊ ပြီးရင် သမ္မတဆီစာပို့မှာပါ၊ မရရင် ဆန္ဒပြပြီး တောင်းဆိုဖို့လုပ်ထားပါတယ် ´´ ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌက ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)

From: ညီသစ်(မြစ်ကြီးနား)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...