Monday, 1 December 2014

သူရဲကောင်းတို့မြန်မာပြည် အပိုင်း (၂)


ရဲနောင်တို့တပ်ရင်း ဆေးတပ်စု၏ တာဝန်ကား ဒဏ်ရာရ စစ်သည်များအား ရှေးဦး ပြုစုကုသခြင်း (Primary Care) ပေးရန်နှင့် လိုအပ်သလို ဆက်လက်လွှဲပြောင်းခြင်း (Transfer) ဆောင်ရွက်ရန်ဖြစ်ပြီး အားလပ်သည့် အချိန်များတွင်လည်း အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ ကျန်းမာရေးကို တတ်စွမ်းသရွေ့ စောင့်ရှောက်ပေးလျက်ရှိပါသည်။

ရုတ်တရက်ပင် ရဲနောင်အား တိုက်ပွဲဝင်နေသည့် တပ်ခွဲ (၂) နေရာသို့ လာရောက်ရန် စက်မှ လှမ်းပြောသံကို ကြားလိုက်ရ၏။ သူလည်း တွေဝေ တုံ့ဆိုင်းမနေတော့ဘဲ ကျည်ကာ ခမောက် (Ballistic Helmet) ကိုဆောင်း ကျည်ကာ အင်္ကျီ (Kevlar Vest)ကို ကောက်စွပ်ကာ ချက်ခြင်းထွက်လာခဲ့တော့သည်။ (သာမန်အားဖြင့် သူ့အနေဖြင့် ခွဲစိတ်ရန် အသင့်ပြင်ထားသောကြောင့် ကျည်ကာကို ဝတ်ဆင်ထားလေ့မရှိပါ။) တပည့်ကျော် တပ်သားလေး ဇင်မင်း Zinmin Psuက အရေးပေါ်ဆေးအိပ်ကြီးကို မနိုင့်တနိုင်လွယ်ပြီး သူနှင့်ထပ်ချပ်မကွာကပ်လျက်။ ဇင်မင်းကား စိတ်ချရသည်။ ဆေးအိပ်အတွင်းတွင်တော့ မော်ဖင်းထိုးဆေးများ၊ ချုပ်ကြိုးများ၊ ကပ်ကြေးများ၊ ပတ်တီးများနှင့် အခြား အရေးပေါ်သုံး ဆေးဝါး အစုံအလင်ထည့်လာခဲ့သည်။ ဆရာကြီး နန္ဒကိုတော့ တပ်ရင်းဆေးခန်းကို စောင့်နေရန်မှာခဲ့ရသေးသည်။

ခွဲ (၂) ရင်ဆိုင်ထားရာရောက်တော့ တပ်ခွဲမှူး ဗိုလ်မှူး မိုးမြင့် Ko Moe Myintကို ဒဏ်ရာဖြင့် တွေ့လိုက်ရသည်။ တပ်ခွဲမှူးကား မြန်မာလူမျိုးများတွင် ရှားရှားပါးပါးဖြစ်သော အရပ် (၆)ပေလောက်ကို ပိုင်ဆိုင်ထားသည်။ ဗိုလ်မှူးက ဒဏ်ရာရထားသော ပေါင်ကို ဖိထားလျက် မြေကြီးပေါ်တွင်ထိုင်နေသည်။ သွေးထွက်များနေသော်လည်း သတိတော့ မလစ်သေး။ ငြီးငြူခြင်းလည်းမရှိဘဲ အံကိုသာကြိတ်နေလေသည်။
ရဲနောင်လည်း မော်ဖင်းတစ်လုံးကို အလျင်အမြန်ပင်ထိုး၊ Drip line တင်လိုက်ပြီးနောက် တပ်ရင်းဆေးခန်းသို့ ထမ်းစင်ဖြင့် သယ်လာတော့သည်။ တပ်ရင်းဆေးခန်း ရွက်ဖျင်တဲအတွင်းသို့ ရောက်လျင်ရောက်ခြင်းပင် ကိုမိုးမြင့်က
“ဆရာဝန်လေး ကျွန်တော့်ပေါင်ထဲက ကျည်ဆံကို အခုဘဲခွဲထုတ်ပေးပါဗျာ” တဲ့။
ရဲနောင် တစ်ယောက် အတော် စဉ်းစားသွားရပါပြီ။

အမှန်တော့ သူစီစဉ်ထားတာက မော်ဖင်းထိုး၊ Drip line တင်၊ ပေါက်နေသောသွေးကြောကို ရှာပြီးချည်။ လူနာ အခြေအနေ Stable ဖြစ်သည်နှင့် ရဟတ်ယာဉ်ခေါ်ကာ နောက်ပိုင်း တပ်မဌာနချုပ်ရှိ စစ်မြေပြင်ဆေးရုံသို့ပို့ရန်ဖြစ်သည်။ အဲဒီမှာက ရွေ့လျားခွဲစိတ်ခန်းများ (Mobile Therater)၊ ခွဲစိတ် ပါရဂူများနှင့် ဆေးဝါးအစုံအလင်လည်းရှိသည်။ သို့သော် ထိုးစစ်စတင်သော ထိုနေ့က ရာသီဥတုက လုံးဝမကောင်း။ အနီးကပ်လေကြောင်း ပစ်ကူ (Closed Air Support) ပင်ပေးနိုင်မည် မဟုတ်ကြောင်း Mil Mi – 28N အုပ်မှူး ဒုတိယဗိုလ်မှူးကြီးစကိုင်း Sky Hunterကိုယ်တိုင် ပူးတွဲစစ်ဆင်ရေး (JOC) အစည်းအဝေးတွင် ပြောထားသည်။ ထို့ကြောင့် ကိုမိုးမြင့်ကို ရဟတ်ယာဉ်ဖြင့် ရွေ့ထုတ်ဖို့ဆိုတာတော့ ဒီနေ့ ဘယ်လိုမှ မဖြစ်နိုင်။

အလုပ်သင်ဆရာဝန် ဘဝက အထက်ပါကဲ့သို့သော ဒဏ်ရာများအား ကြီးကြီးမားမား ခွဲစိတ်ခြင်းများ (Major Operation) တွင် အကူ (Assistant) လုပ်ဘူးသော်လည်း ယခုအချိန်တွင်တော့ ကျောင်းဆင်းစ ဆရာဝန်ပေါက်စ တစ်ယောက် အဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ခံစားနေရသည်။ နောက်တစ်ချက်က လူနာက မော်ဖင်းထိုးထားသော်လည်း သတိကောင်းကောင်း (Fully conscious) ရနေသည်။ ပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီး ကျည်များက ကျနေသည်။ ဒဏ်ရာအား ခွဲစိတ်ရန် သင့်လျော်သော် အခြေအနေမဟုတ်။ ဒါ့အပြင် ဒုမှူးကြီး ဘီလူး နန်းလီ အသည်းကွဲနေသည်က တိုက်ပွဲအား ကွပ်ကဲနေရင်းမှ သူ့တပ်ခွဲမှူး အခြေအနေကို မကြာခဏ စက်မှ မေးနေသေးသည်။ ရဲနောင် တော်တော် ဦးနှောက်စားသွားသည်။

သူ့အနေဖြင့် Senior တစ်ယောက်ယောက်ထံမှ အကြံဥာဏ် (Second Opinion) ရယူရန်ဆုံးဖြတ်လိုက်သည်။ တပ်မဆေးမှူး ဗိုလ်မှူး ထက်အောင်Htet Aungထံ စက်ဖြင့် အဆက်အသွယ်ရယူလိုက်သည်။ ကိုထက်အောင်ကား ရုရှားပြန် ခွဲစိတ်ပါရဂူဖြစ်ပြီး လက်ရှိတပ်မသို့ မကြာသေးမီကမှ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။
သူက “ အကိုကြီး ကျွန်တော့်ဆီက ကိုမိုးမြင့်တော့ ပေါင်မှာထိထားတယ်။ ကျည်ဆံကလည်း ရှိနေတယ်။ ပေါက်နေတဲ့ သွေးကြောကလည်း ရှာမရဘူးအကိုရာ”ဟု စိတ်ဓာတ်ကျသည့်လေသံဖြင့် ပြောလိုက်ရာ
ကိုထက်အောင်က “ညီလေး စိတ်တွေ သိပ်ပြီးတော့ မလှုပ်ရှားနဲ့ကွ။ Medivac ကတော့ ဒီနေ့လုပ်နိုင်မယ်မထင်ဘူး။ မင်းအရွယ်တုန်းက ငါလည်း ဒီလိုဘဲ သိပ်ပြီးပြာတတ်တာကွ။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား။ လုပ်ရမယ့် အလုပ်တွေကို တဆင့်ခြင်းလုပ်သွား။ မင်းလုပ်နိုင်ပါတယ်ကွာ။ DSMA ဆင်းပါကွ။ You can do it.” ဟု အားပေးစကားပြောရာ သူလည်း ယုံကြည်မှု ပြန်လည်ရရှိကာ အားတက်သွားပါတော့သည်။

အဲဒီနောက်တော့ ခွဲစိတ်ဖို့ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးနောက် ခွဲစိတ်ခန်းသုံးဓားကို ကိုင်ကာ စတင်လုပ်ဆောင်ပါတော့သည်။ အစတော့ ဓားကိုင်ထားသော သူ့လက်တွေ တုန်ရီနေသေးသည်။ ဘေးမှ သူ့ကိုကူပေးနေသော ဆရာကြီး နန္ဒကလည်း သူ့ကိုအားပေးသည်။ ဆရာကြီး နန္ဒ Nanda Htun Htetကား စစ်မြေပြင်အတွေ့အကြုံများသူဖြစ်သည်။
ကိုမိုးမြင့် ကိုယ်တိုင်ကလည်း နာကျင်နေမှုကို ခံစားနေရလင့်ကစား “ ဆရာဝန်လေး မင်းလုပ်နိုင်ပါတယ်ကွာ။ You can do it.” ဟုပင် သူ့ကိုပြန်ပြီး အားပေးနေပါသည်။
သူလည်း စိုးရိမ်စိတ်တွေ ဘေးဖယ်၊ ကြောက်ရွံ့စိတ်ကိုဖျောက်ပြီး အားတင်းကာ ခွဲစိတ်ခြင်းကို ဆောင်ရွက်ခဲ့ရပါတော့သည်။ ခွဲစိတ်နေစဉ် တလျှောက်လုံးမှာပင် ကိုမိုးမြင့်က အားပေးနေခဲ့ပါသည်။ ပေါက်နေသည့်သွေးကြောကိုရှာပြီးချည်၊ ကျည်ဖူးကို ထုတ်ပြီးတော့မှ သူ့မှာ သက်ပြင်းချနိုင်ပါတော့သည်။ လူနာအား လိုအပ်သော Anitbiotics များနှင့် အကြောဆေးများအားလည်း သွင်းပေးပြီးနောက် စိတ်ချရသလောက်ဖြစ်သွားပါပြီ။

နောက်တစ်နေ့နံနက်တွင်ရာသီ ဥတု အခြေနေကောင်းသွားပြီဖြစ်၍ Mil Mi – 28N နှစ်စီးက တိုက်ခိုက်ရေးတပ်များအား လေကြောင်းပစ်ကူပေးပါတော့သည်။ အပြန်တွင် အုပ်မှူး ဒုမှူးကြီး စကိုင်း ကိုယ်တိုင် ဆင်းချလာပြီး ကိုမိုးမြင့်အား နောက်တန်း စစ်မြေပြင်ဆေးရုံသို့ သယ်သွားပါတော့သည်။

တစ်ပတ်ခန့် အကြာမှာ တော့ စိတ်ဓာတ်ခိုင်မာ ပြင်းထန်လှသော စစ်သားကြီး ကိုမိုးမြင့်အား စစ်မြေပြင်တွင် ပြန်လည်မြင်တွေ့နေရပြီ ဖြစ်ပါသည်။ သူ့ အပြောကတော့ ဆေးရုံကနေ မရမက တောင်းဆင်းလာသည်တဲ့။

ရဲနောင် အနေဖြင့် တပ်မတော်ထဲ မဝင်ခင်က စစ်သားတို့၏ စွမ်းရည်သတ္တိများနှင့် ပတ်သက်သော အကြောင်းအရာများကို အိပ်ရာဝင်ပုံပြင်အဖြစ်သာ ကြားဘူးထားပါသည်။ သို့သော် ယခု အချိန်တွင်တော့ ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ့ရရုံမျှမက ကိုယ်တိုင်ပါဝင်နေရသည်မှာလည်း ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါသည်။ ဆေးမှူး ဗိုလ်ရဲနောင်အတွက် အရေးကြီးသည့် သင်ခန်းစာတစ်ခုကို ရလိုက်သည်မှာတော့

“YOU CAN DO IT”

လေးစားစွာဖြင့်
ရဲနောင်လတ်
(၂၅/၉/၂၀၁၅) (၂၀၀၀)နာရီ

(ဝန်ခံချက်။ Indian Army Medical Corps မှ ex-Capt. A.K Mandal ၏ Courage under Fire and under the Knife အား ကျောရိုးယူပြီး အနာဂတ်တွင်ကြုံတွေ့နိုင်သည့် အခြင်းအရာများနှင့် ဆက်စပ်ကာ မြန်မာမှုပြုထားပါသည်။ ခင်မင်ရသော မိတ်ဆွေများ၏ အမည်များအား အသုံးပြုထားခြင်းအား နားလည်ပေးစေချင်ပါသည်။)



အပိုင်း ( ၁ ) အားဒီနေမှာ ဖတ်နိုင်ပါတယ်..

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...