Wednesday, 30 September 2015

ကချင်ပြည်နယ်၊ မံစီဒေသ တည်ငြိမ်အေးချမ်းရေး အတွက် နယ်မြေရှင်းလင်းရာမှ ကေအိုင်အေ(ကချင်) အဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွား

နပြည်တော်၊ စက်တင်ဘာလ ၂၉

ကချင်ပြည်နယ်၊ မံစီမြို့နယ် လျှပ်စစ်ဦးစီးမှူးရုံး ခြံစည်းရိုးဝင်ပေါက်အနီး၌ သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် တစ်ကြိမ်၊ မြို့မရဲစခန်းဝင်ပေါက်အနီး၌ သြဂုတ် ၃၀ ရက် ညပိုင်းတွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အလားတူ မံစီမြို့အနောက်မြောက်ဘက် ဗန်းမော်-မန္တလေးသွား ကားလမ်းဘေး၌ ဇွန် ၅ ရက် ညနေပိုင်းတွင်လည်း မိုင်း ၁ လုံး ပေါက်ကွဲခဲ့သည်။ အဆိုပါ မိုင်းပေါက်ကွဲမှုများနှင့်ပတ်သက်၍ သတင်းဆက်စပ် ဖော်ထုတ်ခဲ့ရာ ကေအိုင်အေ (ကချင်)အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းအဖွဲ့များအနေဖြင့် မံစီမြို့၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ကုန်းများတွင် အခိုင်အမာ ခြံစည်းရိုးများ ကာရံ၍ ဝင်ရောက်နေထိုင် တပ်စွဲလျက်ရှိကြောင်း သိရှိရသည်။

ကေအိုင်အေ (ကချင်)အဖွဲ့သည် မံစီမြို့၏ အနီးပတ်ဝန်းကျင်တွင် လာရောက် နေထိုင်၍ မြို့နေပြည်သူလူထု၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတို့အား နှောင့်ယှက်ခြင်း၊ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ကာ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရသဖြင့် ၎င်းတို့အဖွဲ့အား ရှင်းလင်း ဖယ်ရှားပေးရန် တပ်မတော်သို့ တောင်းဆိုမှုများ ရှိခဲ့သောကြောင့် တပ်မတော် စစ်ကြောင်းများက စက်တင်ဘာ ၂၆ ရက်မှစတင်၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ မံစီမြို့၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ တောင်ကုန်းများပေါ်တွင် တပ်စွဲ နေရာယူထားသော ကေအိုင်အေ (ကချင်)အဖွဲ့နှင့် စက်တင်ဘာ ၂၈ ရက်အထိ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ တပ်စွဲနေရာယူထားသော ခြံစည်းရိုးပတ်လည် ကာရံထားသည့် စခန်း ၃ ခုနှင့်အတူ မိုင်းမျိုးစုံ ၃ လုံး၊ လက်ပစ်ဗုံး ၃၆ လုံး၊ ကျည်မျိုးစုံ ၃၄ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ လူနေတဲ ၁၄ လုံး၊ ဘန်ကာ ၁၁ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှလည်း အရာရှိ ၁ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး စစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် စီခမ်းကြီးနယ်မြေအတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများ အနေဖြင့် အေးချမ်း တည်ငြိမ်စွာ လုပ်ကိုင်စားသောက်လျက် ရှိသော်လည်း ကေအိုင်အေ(ကချင်) အဖွဲ့အနေဖြင့် လက်နက် အားကိုးဖြင့် အကြောင်းမဲ့ဝင်ရောက်ကာ အင်အားပြ ခြိမ်းခြောက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ဒေသခံပြည်သူများ လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင်ရေးအတွက် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်များအရ တပ်မတော် စစ်ကြောင်းများက စက်တင်ဘာ ၇ ရက်မှ ၂၈ ရက်အထိ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ ကေအိုင်အေ(ကချင်) အဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ပွားပြီး ၎င်းအဖွဲ့ထံမှ ခဲယမ်းမျိုးစုံ ၃၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။

အလားတူ စက်တင်ဘာ ၁၃ ရက်တွင် မန်စီမြို့နယ် ဟန်ထက်ကျေးရွာအနီး၌ ဈေးရောင်းချလျက်ရှိသော အရပ်သူ ၂ ဦးကို တပ်မတော်သို့ သတင်းပေးသည်ဟု စွပ်စွဲကာ ကေအိုင်အေ (ကချင်)အဖွဲ့ တစ်ဖွဲ့က လိုက်ကာရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
ဖမ်းဆီးခြင်းခံရသူ တစ်ဦး၏ ခင်ပွန်းဖြစ်သူက စက်တင်ဘာ ၁၄ ရက်တွင် ကေအိုင်အေ(ကချင်) အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ရာ တစ်ဦးလျှင် သိန်း ၂၀ ကျပ်နှုန်းဖြင့် ၂ ဦးအတွက် သိန်း ၄၀ ပေးအပ်မှသာ ပြန်လည်စေလွှတ်ပေးမည်ဟု ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင်အေ (ကချင်)အဖွဲ့အနေဖြင့် အပြစ်မဲ့ ပြည်သူလူထုအား ဖမ်းဆီးခြင်း မလုပ်ရန်နှင့် ဖမ်းဆီးထားသူများကို ပြန်လည်စေလွှတ်ပေးရန် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့သို့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှတစ်ဆင့် ကန့်ကွက် အကြောင်းကြားခဲ့သော်လည်း ပြန်လည်စေလွှတ်ပေးခြင်း မရှိခဲ့ပါ။

သို့ဖြစ်၍ လိုက်ကာ၊ ဆွတ်ဂျာနယ်မြေသို့ တပ်မတော် စစ်ကြောင်းများဖြင့် နယ်မြေ ရှင်းလင်းစေခဲ့ရာ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၁၈ ရက်အထိ မိုင်းဖြစ်စဉ် ၄ ကြိမ်၊ ထိတွေ့မှု ၆ ကြိမ်ဖြစ်ပွားခဲ့သည်။ ကေအိုင်အေ(ကချင်) အဖွဲ့ထံမှ မိုင်းမျိုးစုံ ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိပြီး လိုက်ကာကျေးရွာနှင့် ဆွတ်ဂျာကျေးရွာ အနီးရှိ ၎င်းတို့တပ်စွဲ နေရာယူထားသည့် စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကာ တပ်မတော်မှ စစ်သည် ၃ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
ထိတွေ့မှု ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သည်များကို ဆေးရုံသို့ ပို့ဆောင်သည့် တပ်မတော်စစ်ကြောင်းအား မိုင်ခေါင်-မံစီကားလမ်းမပေါ်တွင် ကေအိုင်အေ (ကချင်)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခရီးသွားလာနေသည့် အပြစ်မဲ့ ပြည်သူများကို မိုင်းစ ထိမှန်ခဲ့သဖြင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး တပ်မတော်မှ စစ်သည် ၁ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ၂ ဦးကို ဗန်းမော်မြို့ရှိ တပ်မတော်ဆေးရုံ မှတစ်ဆင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိပြီး လိုအပ်သည်များကို တပ်မတော်က ကူညီဆောင်ရွက်ပေးလျက်ရှိသည်

ယခုကဲ့သို့ ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသော ဒေသများသို့ ကေအိုင်အေ (ကချင်)အဖွဲ့က လက်နက်အားကိုးဖြင့် သွားလာ ဝင်ရောက်ခြင်းများ အပေါ် ဒေသခံ ပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ ၎င်းတို့၏ ဥပဒေမဲ့ လုပ်ရပ်များ အပေါ် ရွံရှာစက်ဆုပ်လျက်ရှိပြီး နယ်မြေအတွင်းမှ အပြီးအပိုင် မောင်းထုတ်ပေးရန် တပ်မတော်သို့ တောင်းဆိုလျက်ရှိကြောင်း သတင်းရရှိသည်
From:myawaddy news


0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...