Monday, 12 October 2015

ကိုရဲမိုး ဖေ့ဘုတ်စာမျက်နှာမှ

=============
NCA ဘာလဲ ဘယ်လဲ ?
==============
ရေးသားသူ - ရဲမိုး ( နေရီ ) 
_______________________________

NCA ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ?
---------------------------------------
NCA ရဲ့ အရှည်ဟာ Nationwide Ceasefire Agreement ဖြစ်တယ် ။ မြန်မာလိုတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တယ် ။ အစိုးရနဲ့  အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့  အဖွဲ့ တွေကြား ငြိမ်းချမ်းရေးရယူဖို့ အတွက် ကနဦး အပစ်အခတ်ရပ်စဲရန် စတင်ချုပ်ဆိုတဲ့  စာချုပ်ဖြစ်တယ် ။

NCA ကို ဘာကြောင့် ပြုလုပ်ကြသလဲ ?
--------------------------------------------

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ်က စတင်တယ် ။ သက်တမ်းအားဖြင့် ၆၈ ကြာမြင့်နေပြီဖြစ်တဲ့  ကမ္ဘာအရှည်ဆုံး ပြည်တွင်းစစ်ကြီးတစ်ခုဖြစ်တယ် ။ ပါလီမန် အစိုးရ ၊ တော်လှန်ရေးကောင်စီ ၊ ဆိုရှယ်လစ်အစိုးရ ၊ စစ်အစိုးရ ၊ ဦးသိန်းစိန် အစိုးရ စသဖြင့် အစိုးရအဆက်ဆက်ပြောင်းလဲသွားပေမယ့်  ဒီစစ်ကို ဒီနေ့ အထိ အပြီးမသတ်နိုင်သေးဘူး ။ ၁၉၄၈ ခုနှစ်ကနေ စလို့  ၂၀၁၅ ခုနှစ်အထိ တိုင်းပြည်ရဲ့ တစ်နေရာရာမှာ တိုက်ပွဲတစ်ခုတော့ နေ့ တိုင်းဖြစ်နေတဲ့ အနေအထားဖြစ်တယ် ။ ဒီ အနှစ် ၇၀ နီးပါး စစ်ဒဏ်ကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ် ၊ သယံဇာတတွေဆုံးရှုံး ၊ စစ်အသုံးစားရိတ်တွေ မြင့်တက် ၊ နှစ်ဘက်စစ်သားတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေဟာ ကြောက်ခမန်းလိလိ ဖြစ်တယ် ။ ဒီစစ်ပွဲကြီးကို အပြီးရပ်စဲချင်တဲ့ အတွက် ကနဦး အနေနဲ့  အစိုးရ နဲ့  တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား အပစ်အခတ်ရပ်စဲဖို့  ညှိနိုင်းကြပြီး ဒီ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ကြိုးစားလာကြတာဖြစ်တယ် ။

NCA မထိုးခင်က အခြေအနေ ဘယ်လိုရှိလဲ ?
-------------------------------------------------

၁၉၈၈ ခုနှစ် မတိုင်မီပြုလုပ်ခဲ့တဲ့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အကန့် အသတ်ရှိတယ် ။ အပစ်အခတ်ရပ်စဲရေးတွေဟာလည်း ကာလတိုတစ်ခုအတွင်းမှာပဲ ပြန်လည်ပျက်ပြယ်သွားတာကို တွေ့ ရတယ် ။ ၁၉၈၈ မှာတော့ စစ်အစိုးရ တက်လာခဲ့တယ် ။ စစ်အစိုးရဟာ ၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ခေါင်းဆောင်တဲ့  တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ကို ဦးဆောင်စေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် စေ့စပ်ညှိနိုင်းခဲ့တယ် ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း အဖွဲ့ ပေါင်း ၄၀ နဲ့  အပစ်အခတ်ရပ်စဲခဲ့တာကို တွေ့ ရတယ် ။ ဒါပေမယ့် ၁၉၉၄ မှာ ကေအိုင်အို နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်က လွဲလို့  ဘယ်အဖွဲ့ အစည်းနဲ့ မှ တရားဝင် လက်မှတ်ရေးထိုးတာကို မပြုလုပ်ခဲ့ဘူး ။ ကေအိုင်အို နဲ့  ပြုလုပ်ခဲ့တဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရဘက်ကရော ကေအိုင်အိုဘက်ကပါ လျှို့ ဝှက်ထားဖို့  နှစ်ဘက်သဘောတူညီခဲ့ကြတယ် ။ ဒီ အဖွဲ့ ပေါင်း ၄၀ ထဲမှာ တစ်ချို့ ဟာ စကတည်းက လက်နက်စွန့် ဖို့ သဘောတူခဲ့ကြပြီး တစ်ချို့ ကတော့ အပစ်အခတ်ရပ်စဲထားတဲ့  လက်နက်ကိုင်အဖွဲ့ အဖြစ်ပဲ ဆက်လက်ရပ်တည်ခဲ့ကြတယ် ။

စစ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ချင်းနဲ့ သာ သဘောတူညီချက်ရယူပြီး တပ်ပေါင်းစု အနေနဲ့  ညွှန့် ပေါင်းအဖွဲ့ အနေနဲ့  ဆွေးနွေးဖို့ ကိုတော့ ငြင်းဆန်ခဲ့တယ် ။ ဒီစာနဲ့ ရေးမထားတဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူချက်မှာ ယေဘုယျအားဖြင့် ၁။ကိုယ့်ဒေသကို ဖွံ့ ဖြိုးအောင်လုပ် ၂။ မူးယစ်ဆေးဝါး မလုပ်နဲ့  ၃။ နိုင်ငံရေးဆွေးနွေးတာကို နောက်တက်လာမယ့် အရပ်သားအစိုးရနဲ့  ဆွေးနွေး ၊ သူတို့ က စစ်အစိုးရ ဖြစ်လို့  နိုင်ငံရေးဆွေးနွေးလို့ မရဘူး ဆိုတဲ့  အချက်သုံးချက် ပါဝင်တယ်လို့ ဆိုတယ် ။

ဒီအပစ်အခတ်ရပ်စဲရေးဟာ အံသြစရာကောင်းလောက်အောင် အချိန်ရှည်ကြာပြီး မကျိုးပေါက်ခဲ့ဘူး ။ အသေးအဖွဲ ပစ်ခတ်မှုလေးတွေ အနည်းငယ်ရှိခဲ့ပေမယ့်  KNPP ၊ MNDAA အဖွဲ့  နှစ်ခုနဲ့ ပဲ အပစ်အခတ်ရပ်စဲရေးပျက်ခဲ့တယ် ။ကျန်တဲ့ အဖွဲ့ အားလုံးနဲ့  အနှစ်နှစ်ဆယ်နီးပါး အပစ်အခတ်ရပ်စဲရေးတည်မြဲခဲ့ပြီး ကမ္ဘာ့ သမိုင်းတစ်လျောက် အကြာဆုံး အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့  နိုင်ငံဖြစ်လာခဲ့တယ် ။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်  ဦးစီးတဲ့  တပ်မတော်ထောက်လှမ်းရေး အဖွဲ့ ဖျက်သိမ်းခံရတယ် ။ဒီထောက်လှမ်းရေးတပ်ဖွဲ့ ကို ဖျက်သိမ်းခဲ့မှုဟာ စစ်အစိုးရ နဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြား ဆက်ဆံရေးကို အနည်းနဲ့ အများထိခိုက်သွားခဲ့တယ် ။ အသစ်ဖွဲ့ စည်းလိုက်တဲ့  စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က အရာရှိတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့  ဖျက်သိမ်းလိုက်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ အဟောင်းကြား ယခင်ကရှိခဲ့တဲ့  ဆက်ဆံရေးမျိုးကို ချက်ချင်းမတည်ဆောက်နိုင်ခဲ့ဘူး။ စစ်အစိုးရဟာ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ လုပ်နေပြီ ဖြစ်တဲ့ အတွက် ၂၀၀၈ ခုနှစ်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်တစ်ခု ပေါ်ထွက်လာတယ် ။ ဒီ အခြေခံဥပဒေအရ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဟာ တရားမ၀င်နိုင်ဘူးလို့  တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက ယူဆခဲ့ကြတယ် ။

စစ်အစိုးရဘက်က ဒီပြသနာကို ဖြေရှင်းဖို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို Border Guard Force ( BGF ) ဆိုတဲ့ နယ်ခြားစောင့်တပ်တွေ အဖြစ် ပြောင်းလဲ ဖွဲ့ စည်းဖို့ အကြံပြုခဲ့တယ် ။ BGF တပ်ဖွဲ့ တွေဟာ လက်နက်စွန့် စရာမလို ။ လက်ရှိ
တိုင်းရင်းသားတပ်မှူးတွေနဲ့ ပဲ ဖွဲ့ စည်းမယ် ။ တပ်မတော်ဘက်က အရာရှိငယ်သုံးဦးနဲ့  အခြားအဆင့် ၂၇ ဦးသာ ပါဝင်မယ် ဆိုတဲ့ ဖွဲ့ စည်းပုံ ဖြစ်တယ် ။ စစ်အစိုးရအနေနဲ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  မဆန့် ကျင်တဲ့ တပ်မတော်မဟုတ်သော လက်နက်ကိုင်တပ်များအဖြစ်ရပ်တည်နိုင်ဖို့  ဒီ BGF တပ်ဖွဲ့ တွေကို ဥပဒေကြောင်းရာနည်းလမ်းအရ အဆိုပြုခဲ့ဟန်ရှိတယ် ။ ဒါပေမယ့် တစ်ချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေအနေနဲ့ ကတော့ သင့်တော်တဲ့ နိုင်ငံရေးအဖြေတစ်ခုမရရှိသေးဘဲ တပ်မတော်နဲ့  သွားရောက်ပေါင်းစည်းလိုခြင်း မရှိခဲ့ကြဘူး ။

၁၉၈၉ ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ စစ်အစိုးရ နဲ့  ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြတဲ့  အဖွဲ့ ပေါင်း ၄၀ အနက် လက်နက်စွန့်  / ပြည်သူ့ စစ်အဖြစ် အသွင်ပြောင်းပြီး အစိုးရနဲ့  အပြည့်အ၀ပူးပေါင်းသွားတဲ့  အဖွဲ့ ၁၅ဖွဲ့ ရှိတယ် ။ ၂၀၀၈ အခြေခံဥပဒေအသစ် ပေါ်လာတဲ့  အချိန်မှာ လက်နက်ကိုင် အဖွဲ့  ၂၅ဖွဲ့ ကျန်တယ် ။ ဒီ ၂၅ ဖွဲ့ ထဲမှာ ၅ဖွဲ့ ဟာ BGF နယ်ခြားစောင့်တပ်တွေ အဖြစ်ပြောင်းလဲဖွဲ့ စည်းဖို့ သဘောတူခဲ့တယ် ။ ၁၅ဖွဲ့ ကတော့ ပြည်သူ့ စစ်တွေအဖြစ် အသွင်ပြောင်းခဲ့တယ် ။ ၅ဖွဲ့ ကတော့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး ဒီအတိုင်းရှိနေခဲ့တယ် ။၂၀၁၁ ဦးသိန်းစိန် အစိုးရအဖွဲ့  တက်လာချိန်မှာတော့ အဲဒီ လက်ကျန် အဖွဲ့ ငါးဖွဲ့ အပြင် အဖွဲ့ ၁၁ဖွဲ့ ဟာ တပ်မတော်နဲ့  စစ်ဖြစ်နေကြတုန်းဖြစ်တယ် ။အခြားအဖွဲ့  အသေးလေးတွေလဲ အနည်းငယ် ကျန်ရှိနေတယ် ။ ဒါဟာ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် NCA မစတင်မီ ရှိနေခဲ့တဲ့  နောက်ခံအခြေအနေဖြစ်တယ် ။

NCA ကို ဘယ်လို အစပျိုးခဲ့သလဲ ?
------------------------------------------

၂၀၁၁ ခုနှစ် မတ်လမှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့  အစိုးရသစ် တက်လာခဲ့တယ် ။ ဒီအစိုးရဟာ ၂၀၁၁သြဂုတ်လ တစ်ရက်နေ့ မှာ တစ်ပြည်လုံးမှာ ရှိတဲ့  တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်တဲ့  ငြိမ်းချမ်းရေးကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ် ။ ဒီထုတ်ပြန်ချက်ဟာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးစီးတဲ့  တော်လှန်ရေးကောင်စီက ၁၉၆၃ ဧပြီ ၁ရက်နေ့ မှာထုတ်ပြန်ခဲ့တဲ့  တောတွင်းလက်နက်ကိုင်အဖွဲ့ အားလုံးကို ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက် ရဲ့ နောက်ပိုင်းမှာ ပထမဆုံးပေါ်ထွက်လာတဲ့  တရားဝင်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်လည်း ဖြစ်တယ် ။

ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်ဖို့  အတွက် သမ္မတဦးသိန်းစိန်ဟာ အဖွဲ့ ၂ဖွဲ့ ဖွဲ့ စည်းခဲ့တယ် ။ အဖွဲ့ တစ်ဖွဲ့  ကို ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဇော် ၊ ပြည်ခိုင်ဖြိုး နာယက ဦးအောင်သောင်းတို့ နဲ့  ဖွဲ့ စည်းခဲ့တယ် ။ကျန်အဖွဲ့ တစ်ဖွဲ့ ကိုတော့ ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဖွဲ့ စည်းစေခဲ့တယ် ။ ယေဘုယျအားဖြင့် ဦးသိန်းဇော်တို့ အဖွဲ့ ဟာ စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီး အဖွဲ့ တွေဖြစ်တဲ့  UWSA ၊ NDAA ၊ NSCKK ၊ SSPP ၊ DKBA ၊ KNU/KNLA ( Peace Council ) ၊ KIO ၊ ABSDF စတဲ့ အဖွဲ့ တွေနဲ့  ဆွေးနွေးပြီး ဦးအောင်မင်းတို့ အဖွဲ့ ကတော့ စစ်အစိုးရလက်ထက်မှာကတည်းက အပစ်အခတ်ရပ်လို့ မရဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့တဲ့  KNU ၊ NMSP ၊ RCSS ၊ KNPP ၊ PNLO ၊ CNF ၊ ALP တို့ နဲ့  တွေ့ ဆုံဆွေးနွေးကြရမှာဖြစ်တယ် ။

ဒီအဖွဲ့ နှစ်ဖွဲ့ ရဲ့  ကနဦးတွေ့ ဆုံညှိနိုင်းမှုတွေအရ ယခင်စစ်အစိုးရ လက်ကျန် အဖွဲ့ ငါးဖွဲ့ ထဲက UWSA နဲ့  NDAA တို့ ဟာ ၂၀၁၁ စက်တင်ဘာမှာ ပြုလုပ်တဲ့  ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ စတင်ပါဝင်လာကြသလို ယခင်ကတည်းက အပစ်ရပ်မရဘဲ တိုက်ပွဲဖြစ်နေတဲ့  RCSS ၊ KNU လို အဖွဲ့ တွေနဲ့ လဲ ၂၀၁၁ ဒီဇင်ဘာနဲ့  ၂၀၁၂ ဇန်န၀ါရီလတွေမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို စတင်လက်မှတ်ရေးထိုးနိုင်ခဲ့တယ် ။

၂၀၁၂ မေလ၃ရက်နေ့ မှာ နိုင်ငံတော် သမ္မတဟာ သူကိုယ်တိုင်ပါဝင်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ( UPCC ) ကို ဖွဲ့ စည်းတယ် ။ UPCC မှာ အဖွဲ့ ဝင် ၁၁ ဦး ရှိတဲ့ အနက် ၉ဦးဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ( ကာလုံ ) အဖွဲ့ ဝင်တွေ ဖြစ်လို့  လုံခြုံရေးနှင့် ပတ်သက်သော မူဝါဒပိုင်းဆိုင်ရာတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့  အာဏာအရှိဆုံး ကော်မတီတစ်ခု ဖြစ်လာတယ် ။ UPCC ကနေ ဒုတိယ သမ္မတ ဦးဆောင်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေး အလုပ်ကော်မတီ ( UPWC ) ကို ဆက်လက်ဖွဲ့ စည်းတယ် ။ UPWC မှာ ဒုဥက္ကဌ သုံးဦးပါဝင်ပြီး တစ်ဦးဟာ သမ္မတရုံး အမှတ် ၄ ၀န်ကြီး ဦးအောင်မင်း ဖြစ်လာတယ် ။

၂၀၁၂ အောက်တိုဘာမှာတော့ သမ္မတရဲ့  အမိန့် နဲ့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ( MPC ) ကို ဖွဲ့ စည်းတယ် ။ MPC ဟာ အစိုးရတစ်ပိုင်း NGO တစ်ပိုင်းအဖွဲ့ အစည်းဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ ရံပုံငွေနဲ့  NGO အဖြစ် လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်တယ် ။ MPC ရဲ့  အမှုဆောင်တွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အဆင့်မြင့် အရာရှိ ၁၃ ဦးပါဝင်ပြီး ကျန်သူတွေကတော့ ပြည်ပနိုင်ငံများမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတဲ့ ပညာရှင်တွေ ၊ အစိုးရကို တော်လှန်ခဲ့ကြတဲ့  သူပုန်ဟောင်းတွေ ဖြစ်တယ် ။ UPWC ရဲ့ ဒုဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းဟာ MPC ရဲ့  ထောက်ခံမှုနဲ့  အစိုးရအဖွဲ့ ရဲ့ စေ့စပ်ညှိနိုင်းရေး အကြီးအကဲ ဖြစ်လာခဲ့တယ် ။UPCC နဲ့  UPWC တို့ ဖွဲ့ စည်းပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အလွှာသုံးရပ်ကို အစိုးရက ကြေငြာတယ် ။ အဲဒီအလွှာသုံးရပ်ဟာ ၁။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၂။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၃။ လွှတ်တော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတို့ ဖြစ်တယ် ။

NCA ကို ဘယ်လိုကြိုးပမ်းခဲ့ကြသလဲ ?
--------------------------------------------

ကနဦးဆွေးနွေးမှုတွေဟာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက စတယ် ။ပြည်နယ်အဆင့် ငြိမ်းချမ်းရေးကော်မတီတွေမှာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ပြည်နယ်ရှေ့ နေချုပ် ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ရုံးအကြီးအကဲတို့ ပါဝင်တယ် ။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့် ဖို့ ရည်ရွယ်တာဖြစ်တယ် ။ဒီအဆင့်မှာ ရိုးရှင်းပြီး အရေးကြီးတဲ့  နိုင်ငံရေးကိစ္စတွေ မပါဝင်ဘူး ။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သဘောတူဆွေးနွေးတဲ့  အချက် ၅ချက်ရှိတယ် ။ အဲဒီအချက်တွေကတော့ ၁။အပစ်အခတ်ရပ်စဲထားရန် ၂။ သတ်မှတ်ဧရိယာအပြင်ဘက်တွင် လက်နက်ကိုင်ဆောင်ခြင်း မပြုရန် ၃။နှစ်ဘက်စလုံးက သတ်မှတ်ထားသည့်ဧရိယာများအတိုင်း ဆက်လက်ထားရှိရန် ၄။ နှစ်ဘက်သတ်မှတ်ထားသည့်နေရာဒေသများတွင် ဆက်ဆံရေးရုံးများဖွင့်လှစ်ရန်နှင့် ၅။ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲရက်ကို သတ်မှတ်ရန်တို့ ဖြစ်တယ် ။ ပြည်နယ်အဆင့်သဘောတူညီချက်ကို အစိုးရဘက်က ကာကွယ်ရေးဝန်ကြီးနဲ့  ပြည်နယ် နယ်/လုံ ၀န်ကြီးက လက်မှတ်ရေးထိုးတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကလည်း အလားတူအဆင့်ရှိတဲ့  ခေါင်းဆောင်က လတ်မှတ်ရေးထိုးတယ် ။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ဆက်ဆွေးနွေးကြတယ် ။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အပစ်အခတ်ရပ်စဲရေးခေါင်းစဉ်ထက် ပိုပြီး ကြီးမားကျယ်ပြန့် စွာ ဆွေးနွေးကြတယ် ။ ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေမှာ ဆွေးနွေးမှုတွေဟာ လက်နက်ကိုင်တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ သိပ်မကွဲပြားပေမယ့်  ပြည်ထောင်စုအဆင့် ဆွေးနွေးမှုတွေမှာ တစ်ဖွဲ့ နဲ့  တစ်ဖွဲ့ အလေးထားဆွေးနွေးတဲ့  ခေါင်းစဉ်တွေ ကွဲပြားလာတယ် ။ အကြမ်းဖျဉ်းအားဖြင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေမှာ စစ်ရေးကိစ္စ ၊ စစ်မဲ့ ဇုန် ၊ စစ်ဇုန် ၊ ကြားခံနယ်မြေ ၊ လက်နက်ကိုင်ဆောင်သွားလာခြင်း ၊ လူသစ်စုဆောင်းမှု ၊ကလေးစစ်သား ၊ အဓမ္မလုပ်အားပေးခိုင်းစေမှု ၊လူ့ အခွင့်အရေး ၊ စီးပွားရေးကိစ္စများ ၊မူးယစ်ဆေးဝါး ၊ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှု ၊ ဒုက္ခသည်များ ၊ အကျဉ်းသားများ ၊ ဥပဒေကြောင်းရာကိစ္စများ ၊ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ စတဲ့ အချက်တွေ ပါဝင်ကြတယ် ။

၂၀၁၃ အောက်တိုဘာလ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့တဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုက ဗိုလ်ချုပ်ဂွမ်မော်က တိုင်းရင်းသား လက်နက်ကိုင်အားလုံးပါဝင်တဲ့  အစည်းအဝေးတစ်ခု ကျင်းပဖို့ အဆိုပြုရာက အစိုးရ စေ့စပ်ညှိနိုင်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက သဘောတူခဲ့ ပြီး ၃၀.၁၀.၂၀၁၃ ရက်ကနေ ၂.၁၁.၂၀၁၃ ရက်နေ့ အထိ လိုင်ဇာမြို့ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ ပါဝင်တဲ့ ညီလာခံကိုကျင်းပခဲ့တယ် ။ ဒီညီလာခံကနေ အဖွဲ့ ပေါင်း (၁၆) ဖွဲ့ ပါဝင်တဲ့  Nationwide Ceasefire Coordination Team (NCCT) ကို တိုင်းရင်းသားတွေဘက်က ဖွဲ့ စည်းပြီး တိုင်းရင်းသား တပ်ပေါင်းစုရဲ့  ကိုယ်စားလှယ်အဖွဲ့ အနေနဲ့  အစိုးရဘက်က UPWC နဲ့  စတင်ဆွေးနွေးခဲ့ကြတယ် ။

UPWC နဲ့ NCCT တို့ အကြား NCA ညှိနိုင်းမှုဆိုင်ရာ အစည်းအဝေးဟာ ၈.၃.၂၀၁၄ ရက်နေ့ မှာစတင်တယ် ။၃၁.၃.၂၀၁၄ မှာ NCA မူကြမ်းရရှိခဲ့တယ် ။ ၈.၄.၂၀၁၄မှာ နှစ်ဘက်လုံးကတင်ပြလာတဲ့  NCA စာချုပ်များကို ပေါင်းစည်းပြီး စာချုပ်တစ်ခုတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ် ။ NCA ပထမမူကြမ်းမှာ အချက်၁၀၄ချက် ဆွေးနွေးကြပြီး ၄၉ ချက်သဘောတူညီမှုရခဲ့တယ် ။ ဒုတိယမူကြမ်းမှာ ၅၅ ချက်ဆွေးနွေးပြီး ၂၄ ချက် သဘောတူညီမှု ရခဲ့တယ် ။ တတိယမူကြမ်းမှာ ၃၁ချက်ဆွေးနွေးပြီး ၂၆ ချက် သဘောတူညီမှု ရခဲ့တယ် ။
စတုတ္ထမူကြမ်းမှာ ၅ချက်ဆွေးနွေးပြီး သဘောတူညီမှု မရခဲ့ဘူး ။ ပဉ္စမမူကြမ်းမှာ ၈ချက်ဆွေးနွေးပြီး ၈ချက်လုံးသဘောတူညီမူ ရခဲ့ရာက ၇.၈.၂၀၁၅ မှာ NCA စာချုပ် မူချောကို အတည်ပြုနိုင်ခဲ့တယ် ။

၉.၉.၂၀၁၅ ရက်နေ့ မှာ နိုင်ငံတော် သမ္မတက NCA ကို အဖွဲ့ အားလုံး ပါဝင် လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်တယ် ။ ၄.၁၀.၂၀၁၅ ရက်နေ့  မှာ NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးကြတဲ့  အဖွဲ့  ၁၆ဖွဲ့  အနက် အဖွဲ့ ၈ဖွဲ့ က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ကြတယ် ။ လက်မှတ်ရေးထိုးမယ့် အဖွဲ့ တွေက KNU ၊ KNLA - PC ၊PNLO ၊ ABSDF ၊ CNF ၊ RCSS\SSA ၊ ALP ၊ DKBA တို့  ဖြစ်ကြပြီး ကျန်ခဲ့မယ့် အဖွဲ့ တွေဟာ KIO ၊ UWSA ၊NDAA ၊ KNPP ၊ SSPP ၊ NMSP ၊ NSCN-K ၊ PSLF တို့ ဖြစ်ကြတယ် ။ ငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်ကနေ NCA အတည်ဖြစ်တဲ့ အထိ တွေ့ ဆုံဆွေးနွေးမှု စုစုပေါင်း အကြိမ် ၅၀၀၀ (ငါးထောင်) လောက်လုပ်ခဲ့ရတယ်လို့  ဆိုတယ် ။

NCA ထဲမှာ ဘာတွေပါသလဲ ?
-----------------------------------

NCA စာချုပ်ဟာ အခန်းပေါင်း (၇)ခန်း ၊ အပိုဒ်ပေါင်း (၃၃)ပိုဒ် ပါဝင်တယ် ။ စစ်ဘက်ဆိုင်ရာအချက်အလက် (၅၅) ချက်ပါဝင်တယ် ။ နိုင်ငံရေးဆိုင်ရာ အချက်အလက် (၃၅ ) ချက်ပါဝင်တယ် ။ လူမှုစီးပွားဘ၀နဲ့ သက်ဆိုင်တဲ့  အချက်အလက် (၂၃ ) ချက်ပါဝင်တယ် ။ အခန်းလိုက် ပါဝင်မှုတွေကတော့ အခန်း(၁) အခြေခံမူများ ၊ အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ၊ အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ၊ အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း ၊ အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ ၊ အခန်း(၆) ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ အခန်း(၇) အထွေထွေတို့ ဖြစ်ကြတယ် ။

NCA သဘောတူညီချက်တွေအရ NCA လက်မှတ်ရေးထိုးပြီး ၂၄နာရီအတွင်းမှာ NCA ကို လက်မှတ်ရေးထိုးပြီးပြီ ဖြစ်ကြောင်း အောက်ခြေအဆင့်ဆင့်ကို အသိပေးရမှာဖြစ်တယ် ။ ၅ရက်အတွင်း စာချုပ်ပါ အချက်အလက်တွေကို အောက်ခြေအထိ ရှင်းပြရမယ် ။ ၁၄ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနိုင်းအစည်းအဝေးခေါ်ရမယ် ။ ဒီအစည်းအဝေးကနေ ကော်မတီ နှစ်ခု ဖွဲ့ စည်းမယ် ။ ပထမတစ်ခုက JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ၊ ဒုတိယ တစ်ခုက UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ တို့ ဖြစ်တယ် ။

JMC မှာ နှစ်ဘက်အဖွဲ့ အစည်းက ကိုယ်စားလှယ်တွေ ၊ အများယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေပါဝင်မှာဖြစ်တယ် ။ နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်တွေနဲ့  အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းကိုယ်စားလှယ်တွေဟာ လေ့လာသူ ၊ အကြံပေး ၊ နည်းပညာအထောက်အကူပြု စသဖြင့် သင့်တော်သလို ပါဝင်လာမှာ ဖြစ်တယ် ။ JMC တွေကို နိုင်ငံအဆင့် ၊ ပြည်နယ်အဆင့် ၊ ဒေသဆိုင်ရာအဆင့် ကော်မတီတွေဆိုပြီး ဖွဲ့ စည်းသွားမှာ ဖြစ်တယ် ။ JMC တွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားဖို့ စောင့်ကြည့် ထိန်းချုပ်သွားမှာ ဖြစ်တယ် ။

UPDJC ဟာ NCA လက်မှတ်ရေးထိုးတဲ့ အချိန်ကနေ ရက်ပေါင်း၆၀ အတွင်း ပါဝင်သင့်ပါဝင်ထိုက်သူများနှင့်အတူ ပူးတွဲပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲရမှာဖြစ်တယ် ။ NCA လက်မှတ်ရေးထိုးချိန်ကနေ ရက်ပေါင်း ၉၀ အတွင်း ပထမဆုံးနိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကို စတင်ကျင်းပရမှာဖြစ်တယ် ။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရ ၊လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကိုယ်စားလှယ် ၊ တရားဝင်နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်၊တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့  အခြားပါဝင်သင့်သူများ အားလုံးပါဝင်မှာ ဖြစ်တယ် ။ဆွေးနွေးပွဲ ရလာဒ်တွေအရ ပြည်ထောင်စုညီလာခံကျင်းပပြီး ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ် ။

NCA က ဘာတွေကို အာမခံလဲ ?
----------------------------------------

NCA စာချုပ် အခန်း(၆) ပုဒ်ခွဲ ၂၄ (က) အရ NCA ကို လက်မှတ်ရေးထိုးတဲ့  အဖွဲ့ တွေဟာ NCA ကိုဆောင်ရွက်မှုကြောင့် အရေးမယူဘူးလို့  အစိုးရက အာမခံတယ် ။ပုဒ်ခွဲ (ခ) အရ လက်မှတ်ရေးထိုးတဲ့ အဖွဲ့ တွေကို မတရားသင်းအဖြစ် ကြေငြာထားခြင်းက ပယ်ဖျက်ပေးမယ် ။ လက်မှတ်ထိုးတဲ့ အဖွဲ့ (သို့ ) လူတွေနဲ့  ပတ်သက်တဲ့  ဘယ်သူကိုမှ ဘယ်အဖွဲ့ အစည်းကိုမှ မတရားသင်း ဥပဒေနဲ့ သော်လည်းကောင်း ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရသော်လည်းကောင်း အရေးမယူဖို့ အာမခံတယ် ။ ပုဒ်ခွဲ(ဂ) အရ လက်မှတ်ရေးထိုးတဲ့  အဖွဲ့ တွေထဲက မတရားသင်း အက်ဥပဒေနဲ့  ယခင်တုန်းက အရေးယူခံထားရတဲ့  သူတွေရှိရင် လွတ်မြောက်ဖို့ အတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ အာမခံထားတယ် ။

NCA ကို ဘယ်တော့ လက်မှတ်ရေးထိုးမလဲ ?
-----------------------------------------------------

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ၁၅ရက်နေ့  နေပြည်တော် MICC2 မှာ လက်မှတ်ရေးထိုးမယ် ။ သက်သေတွေအနေနဲ့  ပြည်တွင်းကရော ပြည်ပကပါ တက်ရောက်ကြမယ် ။ အစိုးရဘက်က ဖိတ်ကြားမယ့်သူတွေလဲ ရှိတယ် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေဘက်က ဖိတ်ကြားမယ့်သူတွေလဲ ရှိတယ် ။ ကေအန်ယူက ဖိတ်ကြားမယ့်အထဲက ဒေါ်အောင်ဆန်းစုကြည် နဲ့  ဦးခွန်ထွန်ဦးတို့ ကတော့ မတက်နိုင်ဘူးလို့  ငြင်းဆန်ထားတယ် ။ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ အဖွဲ့ ကတော့ အကြောင်းပြန်ကြားခြင်း မရှိသေးဘူး ။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...