Tuesday, 13 October 2015

အာဏာရှင် ဦးသန်းရွှေ


အဲဒီလူကြီးကို မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် ၁၅ နှစ် လောက်အလို ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျောက်ဆည်နားက ရွာလေးတစ်ရွာမှာ မွေးခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာတော့ သူက စာတိုက်စာရေးကြီး ဆိုပဲ။ မြန်မာနိုင်ငံက စစ်သားဆိုရင် ရှေ့တန်းမှာ စစ်တိုက်ရဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်မှာ အဲဒီလူကြီး တပ်ထဲကို ရောက်လာတယ်။ သင်တန်းတက်ပြီး ၁၉၅၃ မှာတော့ သူက ဒုဗိုလ် တစ်ပွင့်လေး စဖြစ်ပြီပေါ့။
၁၉၅၈ ၊ အရင်တုန်းက ဆိုဗီယက်လို့ ခေါ်တဲ့ ရုရှားမှာ သူ အထူးသင်တန်းတက်တယ်။ တပ်မတော်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်တယ်။ ၁၉၆၈ နဲ့ ၁၉၇၁ ခုနှစ်အတွင်းမှာတော့ ရုရှားနိုင်ငံက စစ်တက္ကသိုလ်တစ်ခုကို သွား တက်ပြီး အဲဒီကနေ ဘွဲ့ရခဲ့တယ်။ အဲဒီကနေ ပြန်လာတော့ ကရင်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ပဲခူးရိုးမ ဒေသတွေမှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့သေးတယ်တဲ့။ ကံကောင်းတယ်၊ ထောင်သောင်းချီ ကျဆုံးခဲ့တဲ့ အရာရှိ/စစ်သည် စာရင်းမှာ သူမပါခဲ့ဘူး။
၈ လေးလုံးအရေးအခင်း မတိုင်ခင်မှာ သူဟာ တာဝန်တွေ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး လူမသေ ၊ခြေလက်အင်္ဂါတွေ မပျက်စီးခဲ့တော့ ၁၉၈၈၊ ဇူလိုင် ၂၇ မှာ ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တယ်။ ခေါင်းဖြတ် လူသတ်ပွဲတွေ၊ မြန်မာ့အသံဝင်စီးတာတွေ၊ မြေပေါ်မြေအောက် အဖျက်သမားတွေ၊ အမေရိကန်ရဲ့ ရေငုပ်သင်္ဘောရောက်လာပြီး ကျူးကျော်မယ့် အနေအထားတွေ၊ တရုတ်ရဲ့ နယ်စပ်မျဉ်းတစ်လျှောက် တပ်ဖြန့်လာမှုတွေကို ဖြေရှင်းတဲ့အထဲ သူလဲ တစ်စိတ်တစ်ပိုင်း ပါခဲ့မှာပေါ့။ ၁၉၉၂ ခုနှစ်မှာမှ သူဟာ မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တယ်။ သူအနားယူသွားတဲ့ ၂၀၁၁ မတ်လအထိ ဆိုရင် သူ နှစ်ပေါင်း ၂၀ နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တယ်လို့ ပြောလို့ရတယ်။
သူက စစ်တပ်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ သူစစ်တိုက်တယ်။ ငြိမ်းချမ်းရေးကို လိုလားလို့ တစ်ဖက်ကလဲ ငြိမ်းချမ်းရေးလုပ်ခဲ့တယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြာဆုံး ငြိမ်းချမ်းရေး ကို သူ လုပ်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သက်တမ်းအကြာဆုံးနဲ့ အင်အားအကြီးဆုံး ကရင်လက်နက်ကိုင် အဖွဲ့ကြီးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ သူ့ရဲ့အကောင်းဆုံး သမိုင်းမှတ်တိုင် ဖြစ်ခဲ့တယ်။ လက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ငြိမ်းချမ်းရေးလုပ်သလို အဖွဲ့သစ်တွေကိုလဲ ခေါင်းမထောင်ရဲအောင် ချေမှုန်းခဲ့လို့ သူ့လက်ထက် တပ်မတော် ဆိုရင် အဖြူရောင်နယ်မဟုတ်ရင် သောင်းကျန်းသူတွေ ပြေးပေတော့ပဲ။
အမျိုးသား ညီလာခံကြီးကို ကျင်းပတယ်။ ဦးတည်ချက်တွေ ချမှတ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် သွားတယ်။ မိန့်ခွန်းတွေ အနည်းဆုံးပြောပြီး ပြောသမျှ မိန့်ခွန်းတိုင်းမှာ သူနိုင်ငံအတွက် ဘယ်လောက် စေတနာ ရှိတယ်ဆိုတာ ပေါ်လွင်စေခဲ့တယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ဆွေးနွေးဖို့ ဆက်ဆံရေးအရာရှိဆိုပြီး ၀န်ကြီး အဆင့် တစ်ယောက်ကို ထားပြီး ဆွေးနွေးတယ်။
အနောက်ဘက်ကနေ ၀င်လာမယ့် ဘင်္ဂလီအရေးကို သိလို့ သူ့တပ်တွေကို မြေပုံကြည့်ပြီး ချထားခဲ့တယ်။ စားစရာ မရှိ၊ ရေမရှိ ဘင်္ဂလီကုလားတွေ ပြည့်နေတဲ့နေရာထိပ်မှာ သူ့စစ်သားတွေ ပင်ပန်းတာကို သိပေမယ့် သူရအောင် ချထားခဲ့တယ်။ မှတ်မှတ်ရရ ဘင်္ဂလီတွေခိုးသွင်းတာကို သူသိသွားလို့ ဘယ်မျက်နှာကိုမှ မထောက် ဖြုတ်၊ထုတ်၊သတ် အကြီးအကျယ်လုပ်ခဲ့တာ တစ်ချို့ဆို အခုထိ မလွတ်ကြသေးဘူး။
ခွေး ၂ ကောင် ကိုက်ရင်တောင် ကြည့်မယ့်လူ ထောင်ဂဏန်းဖြစ်နေအောင် လူဦးရေကျပ်တည်းနေတဲ့ ရန်ကုန်မြို့ အခြေအနေကို သူသိတယ်။ နောင် အစိုးရလက်ထက် ကားတွေ၊လူတွေကြပ်ပြီး အစိုးရ ရုံးလုပ်ငန်းတွေ ခက်ခဲမှာလဲ သူသိတယ်။ သူ နေပြည်တော်ဆိုတဲ့ အစိုးရ ရုံးစိုက်ရာမြို့ကြီးကို တည်ထောင်ခဲ့လိုက်တယ်။
ဝန်ထမ်းတွေ အကုန်ပြောင်းရတော့ အားလုံးက မကျေမနပ်တွေဖြစ်ကြတယ်။ လူမနေတဲ့မြို့တော်၊ ကြပ်ပြေး နေပြည်တော် အမျိုးစုံ ကင်ပွန်းတပ်ခဲ့ကြပေမယ့် ရေမီးအစုံနဲ့ ၀န်ထမ်းတွေရဲ့ဘ၀က အခုတော့ အသားကျ နေကြပြီ။ ရန်ကုန်တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ရင်တောင်မှ အစိုးရရုံးလုပ်ငန်း ထိခိုက်စရာ မရှိတော့ဘူး။ နိုင်ငံကို ဆူဆူပူပူလုပ်ချင်တဲ့သူမှန်သမျှလဲ ကားခအကုန်ခံပြီး မလာနိုင်ကြတော့ဘူး။ လာလဲ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်လုပ်နေကြတဲ့သူတွေပဲ ရှိပြီး လမ်းပေါ်က ၀န်းရံပြည်သူလို့ ခေါင်းစဉ်တပ်ခံရမယ့် သူတွေမှ မရှိတာကိုး။
သူ နေပြည်တော်မှာ ရွှေတိဂုံပုံတူ စေတီတော်ကြီး တည်တယ်။ ကမ္ဘာ့အဆင့်မီ ကစားကွင်းကြီးတွေ ဆောက်ခိုင်းတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ဟိုတယ်ဇုန်တွေ ဆောက်ခိုင်းတယ်။ ၀န်ထမ်းတွေအတွက် အပန်းဖြေစရာ နေရာတွေ ဆောက်ခိုင်းခဲ့တယ်။ ၁၀ လမ်းသွား လမ်းကျယ်ကြီးတွေအထိ ဆောက်ခိုင်းခဲ့တယ်။ ကန်ထရိုက်တွေက တစ်ပြုံးပြုံး၊ ခရိုနီတွေ လက်ဖျားငွေသီး၊ အာဏာနဲ့ လုပ်စားချင်သူတွေ အကြိုက်တွေ့ခဲ့ကြတာပေါ့။ သူ မသိဘဲ ဘယ်နေမလဲ။ နိုင်ငံခြားကနေ ဘွဲ့ရခဲ့တဲ့လူတစ်ယောက်၊ လူ ၃၀ တပ်စု ကနေ သန်း ၅၀ ကို ထိန်းချုပ်ခဲ့တဲ့ လူတစ်ယောက်ပဲ။ အဲဒါတွေ အရေးယူနေဖို့ အချိန် မဟုတ်ဘူး။ အဓိကဟာ အခြေခံအဆောက်အဦတွေကို သူအနားမယူခင် အပြီးဆောက်သွားဖို့။
သူ လွှတ်တော်ကြီးကို ဆောက်တယ်။ သမ္မတ အိမ်တော်ကြီးကို ဆောက်တယ်။ ဘယ်အစိုးရလာလာ အ ဆင်သင့် အလုပ်လုပ်လို့ရအောင် သူဖန်တီးပေးခဲ့လိုက်တယ်။ တစ်ကမ္ဘာလုံးမှာ ဆက်ဒမ်ဟူစိန်ကနေ ကဒါဖီ ထိ စစ်အာဏာရှင်တွေ ကျဆုံးနေတဲ့အချိန်မှာ သူက နေပြည်တော်ကြီးကို အသားကျအောင် လုပ်နေတုန်းပဲ။
လွှတ်တော်ထဲမှာ ထိုင်ခုံတွေကအစ သူချထားပေးတယ်။ အခုမှ ထောင်ထဲကထွက်လာတဲ့သူပဲ ထိုင်ထိုင်၊ နိုဘယ်ဆုရှင်ကြီးပဲ ထိုင်ထိုင်၊ တိုင်းရင်းသားတွေပဲ ထိုင်ထိုင် ပြည်သူရွေးတဲ့သူတွေ ထိုင်ဖို့ သူအဆင်သင့် လုပ်ထားပေးတယ်။ လွှတ်တော်အခန်းကဏ္ဍကို စတင်နိုင်ဖို့ သူ့ဗိုလ်ချုပ်ကြီးတွေကို ယူနီဖောင်းချွတ်ပြီး တာဝန်ပေးခဲ့လိုက်တယ်။ သူတို့တွေကို မပေးဘဲ လုပ်ချင်ရာလုပ်ကြဆိုပြီး သူခိုင်းခဲ့လို့ကတော့ အဲဒီ ထိုင်ခုံတွေ အခုလောက်ဆို ခြစားမှိုတက်လောက်ပြီ ထင်ပါရဲ့။
သူများတွေက အာဏာရှင်ဆိုပြီး တိုက်ခိုက်လို့ကောင်းတုန်း သူအငြိမ်းစား ယူသွားလိုက်တယ်။ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍသစ်တစ်ရပ်ကို သူလုပ်ခဲ့ပေးပြီးပြီ။ သူ့မှာ သားသမီး ၈ ယောက်တောင်ရှိတယ်။ မြေးမြစ်တွေနဲ့ အဘိုးတစ်ယောက်ရဲ့ ဘ၀ကို သူဖန်တီးတော့မယ်ပေါ့။
သူမရှိတော့ပေမယ့် သူ့အရိပ်တွေက ထင်ကျန်နေတုန်း။ သူဆောက်ပေးခဲ့တဲ့ ထိုင်ခုံတွေကို အလုအယက် ထိုင်ချင်နေတဲ့သူတွေကလဲ လိုအပ်ရင် သူ့အကြောင်း မကောင်းပြောကြတုန်းပဲ။
သူကတော့ သူ့မြေးရဲ့ I-Pad ပြားကို ပွတ်ရင်း တစ်ခါတစ်လေ တွေ့လိုက်မိတဲ့ Facebook သတင်းတွေကို ဖတ်ရင်း ပြုံးချင် ပြုံးနေမှာ။
ဘယ်သူတွေ ဘာပြောပြော။ သူက ကမ္ဘာ့အတော်ဆုံး သူများတွေပြောတဲ့ အာဏာရှင်ပဲ မဟုတ်လား။

ဦးဦးတိမ်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...