Thursday, 8 October 2015

ဟင်္သာတတက္ကသိုလ်အနီးရှိ အခန်းလုံကော်ဖီဆိုင်ဆယ်ဆိုင်ခန့်ဖွင့်လှစ်



ဟင်္သာတ အောက်တိုဘာ ၇

ဟင်္သာတတက္ကသိုလ်အနီးနှင့် တက္က သိုလ်ရှေ့ မြို့ပတ်ကားလမ်းမကြီးဘေးတစ်ဖက်တစ်ချက်ရှိခြံကျယ်ကြီးအချို့တွင် အခန်းလုံများဖြင့် ကော်ဖီနှင့်စားဖွယ်စုံဆိုင်များ ၁၀ ဆိုင်ဝန်းကျင် ဖွင့်လှစ်ထားသည်ကိုတွေ့ရှိရကြောင်း ကျောင်းသားမိဘများနှင့်ရပ်ကွက်နေထိုင်သူများကပြောကြားသည်။

အဆိုပါ အခန်းငယ်များတွင် လူငယ်များ အဖွဲ့လိုက် သောက်စားနေခြင်း ၊ ချစ်သူစုံတွဲများ၏ မဖွယ်မရာ နေထိုင်မှုများကို လည်းတွေ့ရှိရသဖြင့် ပညာရေးကိုထိခိုက်နိုင်ခြင်း၊ အချိန်မတိုင်မီအိမ်ထောင်ပြုရခြင်းစသည့် မလိုလားအပ်သောအခြေအနေများကို တားဆီရန် သက်ဆိုင်ရာများက အခန်းလုံများထားရှိသည့် ကော်ဖီဆိုင်များကို လိုအပ်သလို အရေးယူသင့်ကြောင်း ၎င်းတို့ကဆိုသည်။

"ဆိုင်ခန်းအရေအတွက်က ၁၀ ဆိုင်ကျော်မယ်ထင်တယ် ၊ အရင်ကဖွင့်ခဲ့တဲ့ဆိုင်တွေကတော့ အရိပ်ရရုံလောက်ပဲဆောက်ထားတယ် ခုနောက်ပိုင်းဆိုအချို့က လုံခြုံတဲ့အဆင့်ဆောက် ထားတော့ ကော်ဖီဆိုင်ဆိုပေမယ့် အပြင်ကဝယ်လာတဲ့ မူးယစ်စေတဲ့အရာတွေလည်းလုပ်လို့ရတယ်
မဖြစ်သင့်တာတွေလည်း စိတ်ကွယ်ရာမှာဖြစ်နိုင်တယ် အရိပ်ရရုံဆောက်ထားသင့်တယ်" ဟုအင်္ဂပူမြို့ခံ ကျောင်းသားမိဘ ဦးအောင်စိန်ကပြောကြားသည်။

စက်တင်ဘာလအတွင်းက ကြံခင်းမြို့နယ်မှဟင်္သာတမြို့နယ်သို့လာရောက်၍ သားဖြစ်သူ၏ပညာရေးအခြေအနေကိုလာရောက်ကြည့်ရှုရာ နေထိုင်ရာအဆောင်တွင်မရှိသဖြင့် သူငယ်ချင်းများကတွေ့ခဲ့သည့် ဆိုသည့် ကော်ဖီဆိုင်တစ်ဆိုင်ကိုလိုက်သွားရာ သားဖြစ်သူက ချစ်သူမိန်းက
လေးနှင့်လုံခြုံသည့်အခန်းတွင် ထိုင်လျက်တွေ့ရှိရပြီး အခြားကျောင်းသူကျောင်းသားစုံတွဲများကိုလည်းတွေ့ရှိခဲ့ရသဖြင့် စိတ်ထဲမကောင်းဖြစ်ခဲ့မိကြောင်း ကျောင်းသားမိဘဖြစ်သူဦးကံမြင့်ကပြောဆိုသည်။

ဟင်္သာတတက္ကသိုလ်အနီးပတ်ဝန်းကျင်တွင် ကော်ဖီဆိုင်ဖွင့်ထားခြင်းသာဖြစ်ပြီးဥပဒေမဲ့လုပ်ငန်းများလုပ်ကိုင်ခြင်းမရှိသည့်အပြင် ကျောင်းသားများအကျင့်ပျက်စေမည့်နည်းလမ်းများဖြင့်ကော်ဖီရောင်းချခြင်းမဟုတ်ကြောင်း၊ အလုံအခြုံဖြစ်နေသည့်အခန်းဆိုသည်မှာလည်း ဘန်ဂလိုငယ်လေးများကို အရိပ်ရစေရန် ဇာစိမ်းများကပ်ထားခြင်းသာဖြစ်ပြီး အတွင်းအပြင် အပြန်အလှန်မြင်နိုင်သည့် အနေအထားများ သာဖြစ်ကြောင်း၊ အမှန်တကယ်စိစစ်သင့်ခြင်းမှာ ကော်ဖီဆိုင်များမဟုတ်ဘဲ အခြားလိုင်စင်စည်းကမ်းပျက်ဆိုင်များသာဖြစ်ကြောင်း ကော်ဖီဆိုင်ဖွင့်ထားသည့် အမည်မဖော်လိုသည့်လူငယ်တစ်ဦးကပြောကြားသည်။

ကော်ဖီဆိုင်များကိစ္စကို စည်ပင်သာယာရေးအဖွဲ့ရုံးဖုန်းထံဆက်သွယ်မေးမြန်းရာ အမှုဆောင်အရာရှိ မရှိသဖြင့် ဖြေကြားနိုင်ခြင်းမရှိဟုဆိုသဖြင့် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံထံမေးမြန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စိစစ်ခိုင်းပါမည်ဟု တာဝန်ရှိသူတစ်ဦးကဖြေကြားသည်



www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...