Saturday, 17 October 2015

နိုင်ငံတော်အာဏာရရှိရေးသည် အဓိကပန်းတိုင်မဟုတ်


၂၀၁၅ အောက်တိုဘာ ၁၇
ရွေးကောက်ပွဲကျင်းပရန် ၂၂ ရက်သာ လိုတော့သည်နှင့်အမျှ ပါတီကြီးတစ်ခုဟာ နိုင်ငံတော် အာဏာရရှိရေးနှင့် အစိုးရဖွဲ့နိုင်ရေးကို တွင်တွင်ကျယ်ကျယ် ပြောဆိုလာပါတယ်။ ပါတီတစ်ခုအနေဖြင့် ၎င်း၏ အန္တိမ ရည်မှန်းချက်သည် နိုင်ငံတော် အာဏာရယူရန် ဖြစ်သည်ဟု ကြွေးကြော်ကာ အလိုလောဘတိုက်၍ အကောင်အထည်ဖော်ခြင်းသည် မဟာဗျူဟာ အမှားတစ်ခုပင်ဖြစ်သည်။ မိမိတို့ တတ်စွမ်း နိုင်သည်ကိုသာ မူဝါဒအဖြစ် ပြည်သူကို ချပြသင့်ပေသည်။ ပါတီတစ်ခုအနေဖြင့် လောက ဓမ္မတာ တရားအတိုင်း အတက်အကျ အနိမ့်အမြင့် ရှိနေသည်ကို သတိပြုသင့်သည်။ တရားသဘော ယှဉ်၍ ဦးစီးသူမှာ လွတ်လပ်၏။ ရာထူး မျှော်နေသူ၊ မျှော်လင့်တောင့်တ၍ ပါတီ အလုပ်လုပ်သူများသည် မလွတ်လပ်ပါ။ အသက်ကြီးလေ စိတ်သဘော ထား သေးလေဖြစ်လာတတ်သည်။ စိတ်ဖိစီး၍ အသက်တိုပေမည်။ ရာထူးရရေးနှင့် မိမိပါတီသာ အနိုင် ရရေးဟူသော အစွန်း နှစ်ဖက်ကို ရှောင်၍ အလယ်အလတ်၌ မဇ္စျိမပဋိပဒါ ကျအောင် ကျင့်ရာသည်။
နောက်တစ်ခုမှာ ငါတို့ပါတီက ပြည်သူတွေကို ဒီမိုကရေစီ များများရအောင် ပေးပါမည်ဟုလည်း ကတိမပေးသင့်ပေ။ မည်သည့်ပါတီ ခေါင်းဆောင်မှ ဒီမိုကရေစီကို မျက်လှည့်ပြသလို “ရော့ဒီမှာ ဒီမိုကရေစီ” ဟုဖန်ဆင်း၍ မရနိုင်ပါ။ ဒီမိုကရေစီသည် ကြွေးကြော် ရန်မဟုတ်။ ပြည်သူတို့၏ အသိပညာ၊ စည်းကမ်း တို့ဖြင့်သာ ထိုက်ထိုက် တန်တန် ခံစားကျင့်သုံး သွားရမည့် အရာဖြစ်သည်။ ဤသည်ကို သိရန် ပြည်သူတို့အား ပညာပေးရန် အစိုးရနှင့် နိုင်ငံရေး ခေါင်းဆောင်များတွင် တာဝန်ရှိ ကြသည်ကို မမေ့အပ်ပါ။ ဒီမိုကရေစီ၏ အခွင့်အရေးနှင့် တာဝန်မှာ ဒွန်တွဲ နေပါသည်။ အခွင့်အရေးကို ခံစားပြီး တာဝန်မယူခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်၏။ ဤသို့ကျင့်သုံးက ကြာရှည် မခံတတ်ပေ။ တာဝန်လည်းခံ၊ ထိုက်တန်သော ခံစားခွင့်ကိုလည်း ရမှသာ တရားနည်းလမ်း ကျပေလိမ့်မည်။
မည်သည့်ပါတီနှင့် ခေါင်းဆောင်မဆို တိုင်းရင်းသား ပြည်သူများ၏ လိုလား တောင့်တချက်၊ ကတိ၊ သန္နိဋ္ဌာန်၊ ကျင့်ဝတ်သီလ နှင့် စည်းကမ်းများကို လိုက်နာ၍ ကျင့်ဝတ် သီလစောင့်မှ၊ ကိုယ်ချင်းစာတရား ထားမှ၊ တာဝန်ကျေမှ စသည့် နိုင်ငံရေးယဉ် ကျေးမှုများနှင့် ပြည့်စုံမှသာလျှင် အနာဂတ်၌ ခေါင်းဆောင်မှု နေရာအတွက် ပြည်သူတို့က ကြည်ဖြူစွာ ရွေးချယ်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။
ထို့ကြောင့် ကိုးဆယ်ကျော် ရှိနေသော ပြိုင်ပွဲဝင် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ အတွင်း အားသွန်ခွန်စိုက် ယှဉ်ပြိုင်ရ မည်ဖြစ်သကဲ့သို့ ကြိုးဝိုင်း စည်းကမ်းကိုလည်း လိုက်နာ၊ ဘေးမှအားပေးကြမည့် လူထုပရိသတ် တို့၏ အသံကိုလည်း နားထောင်ကာ နိုင်ငံအတွက် ကျရာတာဝန်ကို ထမ်းရွက်သွားမည်ဟု ရိုးသားသော စိတ်စေတနာဖြင့် ယှဉ်ပြိုင်ပါက ပြိုင်ပွဲ၌ ရှုံးခဲ့လျှင်လည်း လူထု၏ မေတ္တာအပြည့် ရပေလိမ့်မည်။ ပြိုင်ဘက်ပါတီကို ထိုးနှက်ခြင်း၊ တစ်သီးပုဂ္ဂလအပါအ၀င် ပြိုင်ဘက် ကိုယ်စားလှယ်များကို မဲမထည့်ခိုင်းခြင်း၊ အစိုးရဖြစ်အောင်လုပ်ပေးရန် အကြိမ်ကြိမ်မဲထည့်ခိုင်းခြင်း မှာ ဒီမိုကရေစီလိုလားသည့် ဒီမိုကရေစီပါတီ မဟုတ်တော့ဘဲ အာဏာ လိုလားသည့် အာဏာရှင်ပါတီဖြစ်နေကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူများ သတိပြုသင့်ပါတယ်။



ကိုမျိုးမင်း
ဘက်မလိုက်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...