Monday, 12 October 2015

တရုတ်နိုင်ငံသားများနှင့် အစိုးရပေါင်း၍ သစ်ခိုးထုတ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးအဖွဲ့ ကြေညာချက်ထုတ်ပြန်

တရုတ်နိုင်ငံသားများနှင့် အစိုးရပေါင်း၍ သစ်ခိုးထုတ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးအဖွဲ့ ကြေညာချက်ထုတ်ပြန်
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၅
ကချင်ပြည်နယ် မိုးမောက်မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံး ဟောပြောပွဲတွင် တရုတ်နိုင်ငံသားများနှင့် အစိုးရ ပူးပေါင်း သစ်ခိုးထုတ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ ကချင်ပြည်နယ် အစိုးရကို ထိခိုက်စေကြောင်း ကချင်ပြည်နယ်အစိုးရက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
အဆိုပါ မဲဆွယ်စည်းရုံး ဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်နေတာဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းနှင့် ပေါင်းလုပ်တာ ဖြစ်နိုင်ကြောင်း” ဟု ပြောကြားခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဲ့ဒါက ကျွန်တော်တို့ အစိုးရအဖွဲ့ကို တော်တော် ထိခိုက်တာပေါ့။ ကျွန်တော်တို့ မသွားနိုင်တဲ့နေရာကျတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ရမှာလဲ။ အုပ်ချုပ်ရေးအဖွဲ့တွေ မရှိနိုင်တဲ့နေရာ၊ မလွှမ်းမိုးနိုင်တဲ့ နေရာတွေ၊ ဘာကြောင့်လဲဆိုတော့ တစ်ဖက်အဖွဲ့အစည်းတွေ ရှိတယ်လေ။ ကျွန်တော်တို့ ဘယ်လိုလုပ်ရမှာလဲ၊ ကျွန်တော်တို့တောင် မသွားရဲဘူးဆိုတော့ ဒီအဖွဲ့တွေလာတာ ဘယ်လို သိမှာလဲ” ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းက ဆိုသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အခက်အခဲများကို နားလည်ပြီး ပြောရန် လိုအပ်ကြောင်း၊ ကချင်ပြည်နယ် နယ်မြေအခြေအနေအရ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထားသော နယ်မြေများတွင် အုပ်ချုပ်ရေးအဖွဲ့ ခန့်အပ်ထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်ပြီး NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က “ကျွန်တော်တို့ဘက်က ဘာမှ ပြန်ပြောစရာမရှိပါဘူး။ သူတို့ဘာသာ သူတို့ ပြောချင်တာပြော၊ ထုတ်ချင်တာထုတ်၊ ကျွန်တော်တို့က ဖြေရှင်းစရာမလိုဘူး” ဟု ပြန်လည်ပြောကြားသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်ကြေညာချက်တွင် ကချင်ပြည်နယ် အတွင်း တရုတ်နိုင်ငံသားများ၏ သစ်ခိုးထုတ်မှုများသည် တရားမဝင် ဆောင်ရွက်နေခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များ သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းများ ကိုသာမက ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုပါ စော်ကားခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ တရုတ်နိုင်ငံသားများမှ မြန်မာနိုင်ငံအတွင်း တရားမဝင် သစ်ခိုးထုတ်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တရားဝင် ခွင့်ပြုထားခြင်း မရှိသလို၊ လိုလားခြင်းလည်း မရှိကြောင်း ဖော်ပြပါရှိသည်။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...