Friday, 16 October 2015

အပစ်ရပ်စာချုပ် ချုပ်ဆိုမှု အမေရိကန် ချီးကျူးကြိုဆို

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဒီကနေ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်းဟာ ငြိမ်းချမ်းရေးတည်ဆောက်မှု ရေရှည်လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ထုတ်ပြန်လိုက်တာဖြစ် ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ အဖွဲ့အစည်းတွေကို စစ်ရေးအရ အရေးယူတာတွေပြုလုပ်ခြင်းဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေနိုင်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ် အဆုံးသတ်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကို အမေရိကန်ပြည်ထောင်စုက အတိအလင်းချီးကျူးကြောင်း၊ ဒီကနေ့ လက်မှတ်ရေးထိုးပွဲမှာ အချို့အဖွဲ့အစည်းတွေ မပါနိုင်တာကို သတိပြုမိသလို၊ အဲဒီအဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း နားလည်သဘောပေါက်ကြောင်း၊ ကျန်နေသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်တွေဆင်နွှဲနေတာ၊ အဲဒီနေရာတွေက ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေရသူ ၁ သိန်းကျော်ထံ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ရောက်ရှိဖို့ ခက်ခဲနေတဲ့အပေါ် စိုးရိမ်ကြောင်း၊ သူတို့အတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ အမြန်ဆုံးပေးအပ်နိုင်ဖို့ အရေးကြီးကြောင်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။



www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...