Friday, 2 October 2015

ရွှဆင်တိုင်းစာချကျောင်းမှ ဆရာတော်တစ်ပါးက မဟာဂန္ဓာရုံကျောင်းအမည်သုံး၍ ကြေညာချက်ထုတ်ပြန်ခြင်းကို နာယကဆရာတော်ဘုရားကြီးလက်မခံ

အမရပူရမြို့ရှိ နာမည်ကြီးစာသင်တိုက်တစ်ခုဖြစ်သော မဟာဂန္ဓာရုံကျောင်းတိုက်ကြီးမှ စာချကျောင်းတစ်ခုဖြစ်သည့် ရွှေဆင်တိုင်းစာချကျောင်းမှ စာချဆရာတော် ဦးသူရိယက မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ အမည်ကိုသုံး၍ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းကိုမဟာဂန္ဓာရုံကျောင်းတိုက်၏ နာယကဆရာတော်ကလက်မခံကြောင်းနှင့် နောင် တွင် ထိုကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေမည့် ကြေညာချက်မျိုးထုတ်ပြန်ခြင်းမပြုရန် ဦးသူရိယအားခေါ်ယူသတိပေးခဲ့ကြောင်းသတင်းရရှိသည်။

ဦးသူရိယ၏ ထုတ်ပြန်ချက်တွင် ၄င်းနေထိုင်ရာ သံဃာ ၁၂၀၀ ကျော်ရှိမဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် ဆရာတော် ၂ ပါး ၃ ပါးသာမဘသဦးဆောင်ပုဂ္ဂိုလ်များဖြစ်သည်ဟုပြောရဲကြောင်း၊ ၄င်းအနေဖြင့် မျိုးစောင့်ဥပဒေပေါ်ပေါက်ရန် ဆောင်ရွက်ချက်ကိုသာအတိုင်းအတာတစ်ခုအထိထောက်ခံ၍ မဘသ၏ ပါတီနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုများကိုကန့်ကွက်ရှုတ်ချကြောင်း၊ NLD ပါတီကိုသာယုံကြည်စိတ်ချစွာဖြင့် ရွေးချယ်ကြရန် တိုက်တွန်းလိုကြောင်းဖော်ပြ ထားသည်။

ဦးသူရိယ၏ ထုတ်ပြန်ချက်မှာမဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ထုတ်ပြန်ချက်မဟုတ်သလိုရွှေဆင်တိုင်းစာချကျောင်း ၏ထုတ်ပြန်ချက်လည်းမဟုတ်ပဲသံဃာအများထဲမှ ဦးသူရိယ ၏ ပုဂ္ဂိုလဓိဌာန်ထုတ်ပြန်ချက်သာဖြစ်သော်လည်း မီဒီယာများက မဟာဂန္ဓာရုံကျောင်း၏ ကြေညာချက်သဖွယ်ဖော်ပြနေကြသည့်အပြင် ဦးသူရိယ ၏ ကြေညာချက်ပါ အသုံး အနှုန်းများကလည်း မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ထုတ်ပြန်ချက်သဖွယ် ထင်ယောင်ထင်မှားဖြစ်စေသောကြောင့် နာယကဆရာတော်ဘုရားကြီးကခေါ်ယူဆုံးမသတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသူရိယ၏ထုတ်ပြန်ချက်တွင် မဘသ၏ ပါတီနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုများကို ကန့်ကွက်ရှုတ်ချသည်ဟုဖော်ပြထားသော်လည်း ၄င်းကိုယ်တိုင်ကမူ NLD ပါတီကိုရွေးချယ်ကြရန် တိုက်တွန်းထားသဖြင့် အများကဲ့ရဲ့စရာဖြစ်နေကြောင်း၊ မဘသအနေဖြင့် ဦးသူရိယကဲ့သို့ မည်သည့်ပါတီကိုမဲပေးရန်တိုက်တွန်းခြင်းမရှိသလိုမည်သည့်ပါတီကိုမဲမပေးပါနှင့်ဟုတိုက်တွန်းခြင်းမရှိကြောင်းမဟာဂန္ဓာရုံကျောင်းမှ မဘသဦးဆောင်ဆရာတော်တစ်ပါးကမိန့်ကြားသည်။

“ဘုန်းကြီးတို့ မဘသရဲ့ ရပ်တည်ချက်ကရှင်းရှင်းလေးပါ။ ဦးဝီရသူ ဧရာဝတီနဲ့အင်တာဗျူးမှာပြောထားတဲ့အတိုင်းပဲ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားနဲ့။ အမျိုးဘာသာသာသနာအတွက် အားကိုးရမယ့်သူ၊ ကိုယ့်နယ်ကိုယ့်ဒေသအကျိုးတကယ် ဆောင်ရွက်ပေးနိုင်တဲ့သူကိုရွေးကြပါလို့ တိုက်တွန်းတာပါ။ ဒါကိုကိုယ်တော် သူရိယကဘယ်လိုတွေ အဓိပ္ပါယ်ကောက် ပြီး မဘသက ပါတီနိုင်ငံရေးမှာဝင်စွက်တယ်လို့ စွပ်စွဲတာလဲတော့မသိဘူး။ မဘသကိုပါတီနိုင်ငံရေးမှာဝင်စွက် တယ်လို့ စွပ်စွဲတဲ့သူကိုယ်တိုင်က NLD ကိုမဲပေးပါလို့ တိုက်တွန်းထားတော့ အများကဲ့ရဲ့စရာဖြစ်နေတာပေါ့။ မဘသဟာ ကြံ့ခိုင်ရေးပါတီထောက်ခံတဲ့ဘုန်းတော်ကြီးများအဖွဲ့မဟုတ်သလို NLD ကိုဆန့်ကျင်တဲ့အဖွဲ့လဲမဟုတ် ပါဘူး၊ မဘသရဲ့ နာမည်အတိုင်းပဲအမျိုးဘာသာသာသနာကိုစောင့်ရှောက်မယ့်အဖွဲ့သက်သက်ဖြစ်ပြီးပါတီနိုင်ငံရေးလုံးဝကင်းရှင်းပါတယ်။ အခုသိရသလောက်ကတော့ ဦးသူရိယကိုနာယကဆရာတော်ကြီးကမနေ့ကပဲခေါ်ပြီးသတိပေးတယ်။ ပြင်းပြင်းထန်ထန် သတိပေးတာ။ မဟာဂန္ဓာရုံကျောင်းနာမည်ကိုမသုံးဖို့လည်းပြောထားပြီးသား။ ဦးသူရိယ ပြန်ရှင်းဖို့ လိုတယ်။ မရှင်းရင်တော့ နာယကဆရာတော်ကြီးကလက်ခံမှာမဟုတ်ဘူး”ဟု ယင်းဆရာတော်ကမိန့်ကြားခဲ့သည်။

တစ်ဦးတည်းသဘောဖြင့် မဟာဂန္ဓာရုံကျောင်းတိုက်နာမည်သုံး၍ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သောဦးသူရိယကိုယ်တိုင် ပြန်လည် ရှင်းလင်းခြင်းမပြုပါကကျောင်းတိုက်မှ နှင်ထုတ်ခံရသည်အထိအရေးယူနိုင်ဖွယ် ရှိကြောင်းလည်းသတင်းရရှိသည်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...