Friday, 16 October 2015

လောက်ကိုင်မြို့တွင် တရုတ်နိုင်ငံသားနှစ်ဦး အပါအ၀င် စုစုပေါင်းခြောက်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော်၊အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ်၊ တောင်ညီနောင်ဂိတ်၌ တပ်မတော်စစ်ကြောင်းနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင် သောလုံခြုံရေးအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လောက်ကိုင်မြို့မှ ရန်လုံကျိုင်းဘက်သို့ မောင်လွင်မောင် ၂၈ နှစ် (ဘ) ဦးဝင်းရွှေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသူ ပေါ်ပေါ်ကျိုင်းရွာနေ လီလောက်ယုံ ၃၇ နှစ် (ဘ) ဦးလိန်ချင်ထံမှ ပေါင်ရင်းနှစ်ဖက်တွင် အိတ်အ၀ါရောင်ဖြင့် ကပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြား အထုပ်ကြီးနှစ်ထုပ် (၄၀၀၀ ပြား)(ကာလတန်ဖိုးကျပ်သိန်း ၆၀ ခန့်)အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသော လီလောက်ယုံအား စိစစ်မေးမြန်းချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများကို လောက်ကိုင်မြို့နေ ကျုံးယူချိန် ၂၅ နှစ် (ဘ) ဦးရှင်ဆန်းက တရုတ်နိုင်ငံ၊ နမ့်ဆန်မြို့သို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကျုံးယူချိန်၏နေအိမ်ကို ဆက်လက်ရှာဖွေရှင်းလင်းရာ ၎င်းနှင့်အတူ လောက်ပါး ၂၃ နှစ်(ဘ) ဦးယွီလောက်ဖန်း၊ လူရှောက်နိန် ၁၇ နှစ် (ဘ) ဦးလောက်ကျန်နှင့် တရုတ်နိုင်ငံသားများဖြစ်သော ယုံထယ်မြို့နေ လီတိုက်ဖူ ၄၀ နှစ်(ဘ) ဦးလီပေါရှိန်၊ မလော်ရှောက်လိန် ၄၀ နှစ်(ဘ) ဦးလောက် ကျီဖိန်တို့အား မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၇၉၂ ပြား (ကာလတန်ဖိုး ငွေကျပ် ၁၁၉၆ သိန်းကျော်)နှင့် အိုက်စ် ၄ ဂရမ်(ကာလ တန်ဖိုးကျပ်သိန်း ၈၀ ခန့်)တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာတွင် အသုံးပြုသည့် လိုင်စင်မဲ့မော် တော်ယာဉ်တစ်စီး၊ မော်တော် ဆိုင်ကယ်နှစ်စီး၊ အစိမ်းရောင်သေတ္တာ အသေးတစ်လုံး နှင့် ဒစ်ဂျစ်တယ်ချိန်ခွင်တစ်ခုတို့အား သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးသည် လောက်ကိုင်ဒေသသို့လာရောက်ပြီး မူးယစ် ဆေးဝါးများထုတ်လုပ်ကာ ထွက်ရှိသည့် မူးယစ်ဆေးဝါးများကို တရုတ်နိုင်ငံ၊ နမ့်ဆန် မြို့သို့ ပြန်လည်ရောင်းချနေသူများဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော တရားခံခြောက်ဦးနှင့် မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများအား လောက်ကိုင်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...