Friday, 9 October 2015

တိုက်ခိုက်ရန် အသင့်ရှိ စစ်သည်အင်အား စာရင်းတွင် မြန်မာ့ တပ်မတော်က အဆင့် ၁၅နေရာ၌ ရပ်တည်


စစ်အင်အား အကြီးဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၄၄နေရာတွင် ရပ်တည်နေခဲ့သော်လည်း တိုက်ခိုက်ရန် အသင့်ရှိသည့် စစ်သည် အင်အားရှိသော နိုင်ငံများ စာရင်းတွင်မူ အဆင့် ၁၅နေရာ၌ ရပ်တည်နေခဲ့ကြောင်း Globle Firepower၏ ကမ္ဘာတစ်ဝန်း ကောက်ခံခဲ့သော အချက်အလက်များ အရ သိရသည်။
Globle Firepower၏ ယခုစစ်တမ်း ကောက်ခံချက်များသည် ကမ္ဘာတစ်ဝန်း သတင်းစာ၊ ရုပ်သံလိုင်း၊ မီဒီယာများနှင့် CIAနှင့် အခြားသော အဖွဲ့အစည်းပေါင်း များစွာ၏ သတင်း အချက်အလက်များပေါ် မူတည်၍ အပြီးသတ် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် တိုက်ခိုက်ရန် အသင့်ရှိသော စစ်သည်အင်အား စာရင်းတွင် စစ်သည် ၄၀၆၀၀၀ဖြင့် အဆင့် ၁၅နေရာတွင် ရပ်တည်နေခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ အထက်တွင် အရှေ့တောင်အာရှ နိုင်ငံ အချို့လည်း ရပ်တည်နေခဲ့သည်။
တိုက်ခိုက်ရန် အသင့်ရှိနေသော စစ်သည်အင်အား စာရင်းတွင် တရုတ်နိုင်ငံက စစ်သည်အင်အား ၂၃၃၃၀၀၀ဖြင့် အဆင့် ၁နေရာတွင် ရှိနေပြီး အမေရိကန်က စစ်သည်အင်အား ၁၄သိန်းရှိပြီး အဆင့်(၂)ဖြင့် လည်းကောင်း၊ အိနိ္ဒယနိုင်ငံက စစ်သည်အင်အား ၁၃၂၅၀၀၀ ဦးရှိပြီး အဆင့်(၃)ဖြင့် လည်းကောင်း၊ ရုရှားနိုင်ငံက စစ်သည်အင်အား ၇၆၆၀၅၅ရှိပြီး အဆင့်(၄)ဖြင့် လည်းကောင်း၊ ၄င်းတို့၏ နောက်တွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့မှ အသီးသီး ရပ်တည်လျက် ရှိသည်။
ကမ္ဘာ့စစ်အင်အား အကြီးဆုံး နိုင်ငံများ စာရင်းတွင်မူ မြန်မာနိုင်ငံမှာ အဆင့် ၄၄နေရာတွင်သာ ရှိပြီး ၄င်း၏အထက်တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား နိုင်ငံက အဆင့် ၁၂၊ ထိုင်းနိုင်ငံက အဆင့် ၂၀၊ အဆင့်၂၁ နေရာတွင် ဗီယက်နမ်၊ အဆင့် ၂၆ နေရာတွင် စင်ကာပူ၊ အဆင့် ၃၅နေရာတွင် မလေးရှား၊ အဆင့် ၄၀နေရာတွင် ဖိလစ်ပိုင်နိုင်ငံတို့က အသီးသီး ရပ်တည်နေပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၂၆ နိုင်ငံကို တွက်ချက်၍ အဆင့်များ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆင့် သတ်မှတ်ချက်များသည် အချက်အလက်ပေါင်း ၅၀ပေါ်တွင် အခြေခံပြီး တွက်ချက်ခဲ့ခြင်း ဖြစ်ကာ အဆိုပါ တွက်ချက်မှုများတွင် နျူကလီးယား ပိုင်ဆိုင်မှု၊ လတ်တလော နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များ၏ အခြေအနေ၊ လက်နက် ရောင်းချနိုင်မှုကို ထည့်သွင်း တွက်ချက်ခြင်း မရှိဘဲ ပထ၀ီဝင် အနေအထားနှင့် ကျန်းမာရေး၊ စီးပွားရေး တို့ကိုမူ ထည့်သွင်း တွက်ချက်ထားကြောင်း Globle Firepower (GFP)တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ရေး အသုံးစရိတ် အသုံးပြုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် နိုင်ငံGDP၏ ၅ရာခိုင်နှုန်းကို အသုံးပြုပြီး အမေရိကန်၊ ရုရှားတို့နှင့် တူညီလျက်ရှိသည်ဟု Wikipediaတွင် ဖော်ပြထားခဲ့သည်။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...