Friday, 9 October 2015

(KNU) အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း နှင့် အင်တာဗျူး


ရန်ကုန်၊ ၉ အောက်တိုဘာ ၂၀၁၅၊ MID NEWS
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဒွိဟဖြစ်ပေါ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးမည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ပြည်နယ်အတွင်း ဆက်လက်ဆောင်ရွက် မည့် အခြေအနေ၊ ရွေးကောက်ပွဲကာလ အခြေအနေများကို KNU အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း နှင့် တွေ့ဆုံ၍ MID NEWS မှ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ထိုးတော့မယ်။ လက်မှတ်မထိုးရသေးတဲ့ KIA, SSPP/SSA နဲ့ တိုက်ပွဲတွေ ဖြစ်နေသလို TNLA နဲ့လဲ တိုက်ပွဲတွေ ဖြစ်နေတယ်။ အခုလို တိုက်ပွဲတွေဖြစ်နေတော့ NCA လက်မှတ်ထိုးကြမယ့် အပေါ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်လား။
ဖြေ။ ။ ထိခိုက်မှုမရှိဘူးလို့ ကျနော် အဲဒီလိုမြင်ပါတယ်။ တစ်အချက်ကတော့ NCA ဆိုတာ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေး ဆိုတာ ကျနော်တို့လိုလားတဲ့ Version။ ကျနော်တို့ ဖြစ်စေချင်တဲ့ဆန္ဒ၊ ကျနော်တို့ ရည်မှန်းချက်။ ဒါကို အကောင်အထည်ဖေါ်တဲ့ နေရာမှာ တကယ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေမယ်ဆိုရင် ဒါကိုရပ်သွားအောင်လို့ ကျနော်တို့ လုပ်ရမယ့် အပိုင်းဖြစ်တယ်။ အခုဟာက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် ကျနော်တို့နဲ့ အစိုးရနဲ့ တစ်ဖွဲ့ချင်း လက်မှတ်ထိုးတဲ့အဖွဲ့တွေ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ပြီးတော့ NCA ကိုထိုး။ ဒါနိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ အတွက်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ မျှော်မှန်းထားတဲ့ဟာကို စနိုင်တဲ့အပိုင်းက စသွားပြီးတော့ တစ်ပြည်လုံး ရပ်ဆိုင်းသွားအောင် လုပ်ရမှာဖြစ်တယ်။NCA ဆိုတာ တစ်ပြည်လုံး အပစ်ခတ်ရပ် စဲရေး ခရီးစဉ်ကိုသွားအောင် လုပ်ရမယ့် အနေအထားဖြစ်တယ်။ ဒီတိုက်ပွဲတွေရှိနေလို့ပဲ NCA ဆိုတာရှိနေတာ။ ဒီလိုတိုက်ခိုက် မှုတွေရှိနေလို့ NCA ကို မထိခိုက်ပါဘူး။
မေး။ ။ အခုထိတွေ့ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြောကြတာ NCA ကို လက်မှတ်ထိုးအောင် ဖိအားပေးနေတဲ့ သဘောလို့ သုံးသပ်ကြတယ်။ တချို့ကတော့ NCA ကို မထိုးနိုင်အောင် လှည့်ကွက်နဲ့ တိုက်နေတာလို့ဆိုတယ်။ အဲဒီအပေါ်မှာ ရော သုံးသပ်ပေးပါဦး။
ဖြေ။ ။ ကျနော်တို့ စတင်ညှိနှိုင်းမှု မရှိခင်ကတည်းက တိုက်ပွဲတွေက ရှိနေတာပါ။ ဒီ NCA ညှိနှိုင်းမှ တိုက်ပွဲဖြစ်လာတာ မဟုတ် ဘူး။ တိုက်ပွဲဆိုတာကလဲ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်တယ်။ တကယ် လက်နက်ကိုင်တိုက်တယ် ဆိုတာက တကယ့် နိုင်ငံရေး ရည်မှန်းချက်နဲ့ အဖွဲ့အစည်းတွေရှိသလို၊ သူ့အဖွဲ့နဲ့ သူ့ရည်မှန်းချက်နဲ့ ရှိတဲ့အဖွဲ့တွေလဲရှိတယ်။ NCA ကိုထိုးဖို့ တိုက်ပွဲနဲ့ က တွန်းအားပေးလို့မရဘူး။ တိုက်ပွဲဖြစ်တဲ့ အကြောင်းအရင်းက သပ်သပ်ရှိမယ်။ အခုကလည်း ကာကွယ်ရေးဦးစီးချုပ်က သူကိုယ်တိုင် NCA မှာ လက်မှတ်ထိုးမယ်ဆိုတဲ့ အတွက်ကြောင့် တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကို တစ်ဘက်နဲ့ တစ်ဘက် စွပ်စွဲကြမယ်ဆိုရင်၊ ဒီတိုက်ပွဲကလဲ ရပ်သွားမှာမဟုတ်ဘူး။ ပိုပြင်းထန်ရုံပဲရှိတယ်။
မေး။ ။ ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက NCA မှာ လက်မှတ်ရေးထိုးတော့မယ် ဆိုတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျဆုံးသွားပြီ။ ကရင်တော်လှန်ရေးက ပြီးဆုံးသွားပြီလို့ ဆိုကြတယ်။ အဲဒီအပေါ်မှာ မှတ်ချက်ပေးပါဦး။
ဖြေ။ ။ လူတစ်ဦးချင်း အမြင်က အမျိုးမျိုးရှိနေတာပေါ့။ ဖေ့စ်ဘွတ်ရေးနေတဲ့ သူတွေက မြို့တွင်းကသူတွေပါ။ တကယ့်တော ထဲမှာ နေနေရတဲ့သူတွေ၊ စစ်ဘေး၊ စစ်ဒဏ် ခံနေရတဲ့သူတွေက မပြောပါဘူး။ စစ်ပွဲရဲ့ဒဏ်ကို မခံဘူးတဲ့သူတွေ၊ ပြည်ပမှာ ရောက်နေကြတဲ့သူတွေက ပြောနေကြပါလိမ့်မယ်။ တကယ့်တိုက်ပွဲ အန္ဒိဌာရုံ ခံစားနေကြတဲ့သူတွေ၊ တကယ့် တိုက်ပွဲကြားမှာ ရှိနေကြတဲ့သူတွေက ငြိမ်းချမ်းရေးကို လိုလားကြတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခတွေခံစားနေကြတာ ပြည်သူလူထုပဲဖြစ်တယ်။ အထူးသဖြင့် ငြိမ်းချမ်းတဲ့ဒေသမှာရှိတဲ့ ပြည်သူတွေကြတော့ ငြိမ်းချမ်းမှုကို ထပ်ပြီးတော့ မလိုလားကြဘူး။ မငြိမ်းချမ်းတဲ့ ဒေသမှာ နေခဲ့တဲ့ ပြည်သူတွေသာ ငြိမ်းချမ်းမှုကို လိုလားနေကြတယ်။ ကျနော်တို့မှာ မူလကတည်းကိုက ကရင့်အမျိုးသားရဲ့ လှုပ်ရှားမှုက နိုင်ငံရေး ပြဿနာဖြစ်တယ်။ စစ်ရေးနဲ့ဘယ်တော့မှ အဖြေရှာလို့မရဘူး။ နိုင်ငံရေးနည်းနဲ့သာ တွေ့ဆုံဆွေးနွေးရေး လုပ်မယ်။ လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်တယ်ဆိုတာ အစိုးရကိုဖြိုချဖို့၊ နိုင်ငံတော်အာဏာကို သိမ်းဖို့အတွက် မဟုတ်ပါဘူး။ ကျနော် တို့ အမျိုးသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပြည့်စုံဖို့အတွက် ကိုယ့်အဖွဲ့စည်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ခုခံကာကွယ်ဖို့ အတွက် လိုအပ်တဲ့ အနေအထားတစ်ခုအရ။ နိုင်ငံတော်အုပ်ချုပ်တဲ့ အစိုးရဘက်ကလည်း လက်နက်အင်အား သုံးတယ်ဆိုတာလဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်၊ ကိုယ့်ပြည်သူလူထုကို ကာကွယ်ဖို့အတွက်။ ကျနော်တို့ လက်နက်ကိုင်လမ်းစဉ် ဆောင်ရွက်ခဲ့ တာလဲ ဒီအတိုင်းဖြစ်တယ်။ ဒါပေမယ့် တစိုက်မတ်မတ် လက်ခံပြီးတော့ ချထားတဲ့မူကတော့ ဒီပြဿနာက နိုင်ငံရေးပြဿနာ ဖြစ်တယ်။ နိုင်ငံရေး ပြဿနာတွေ ရှင်းရမယ်။ ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားရမယ်။ ဒါကို လတ်တလော ပြောနေတာ က လူတစ်ဦးချင်းရဲ့ အမြင်ဆိုတော့ ဘာမှပြောစရာ မရှိပါဘူး။
မေး။ ။ NCA ကို လက်မှတ်ရေးထိုးပြီးသွားရင် ကရင်ပြည်နယ်က လူထုအတွက် ဘယ်လိုဆောင်ရွက်မှုတွေ ပေးမလဲ။
ဖြေ။ ။ စာချုပ်မှာလဲ သဘောတူထားတယ်။ အပစ်ခတ်ရပ်စဲရေး မလုပ်ခင်ကတည်းက ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေဒေသ အတွင်းမှာ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အုပ်ချုပ် တာဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဒီသဘောတူညီချက်အရ ကျနော်တို့ရဲ့ တာဝန်ရှိတဲ့အပိုင်းကို ဆက် လုပ်မယ်။ နောက်တခု ကျနော်တို့က မတရားအသင်းက ပယ်ဖျတ်ခံရပြီးရင် ကျနော်တို့ ပြည်သူလူထုနဲ့ ကရင်အမျိုးသားနဲ့ ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ့်ဒေသရဲ့ ပြန်လည်ထူထောင်ရေး၊ ပိုမိုလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ တိုက်ပွဲထက်စာလို့ ရှိရင် ကိုယ့်ဒေသ ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး အရင်ထက်စာရင် ပိုလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ လက်မှတ်ထိုးပြီး မတရားအသင်းကလည်း ပယ်ဖျက်ပြီးရင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေကို ဘယ်လိုပံ့ပိုး ကူညီမလဲ။
ဖြေ။ ။ လတ်တလောမှာ ကျနော်တို့ KNU သဘောထားမှာ အခုရွေးကောက်ပွဲက အရေးကြီးပါတယ်။ နောက်ငြိမ်းချမ်းရေးနဲ့လဲ ဆက်စပ်မှုရှိပါတယ်။ ဒီမိုကရေစီ ထူထောင်လို့ရှိရင် ပြည်သူလူထု စိတ်ဆန္ဒအရ ရွေးကောက်လိုက်တဲ့ သူတွေက အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ရွေးကောက်ပွဲက နိုင်ငံတော်အစိုးရကလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့ နဲ့တော့ ဆက်စပ်မှုမရှိဘူး။ သူတို့ (နိုင်ငံရေးပါတီ) ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ပေးထားတယ်။ ကျနော်တို့ဒေသ အတွင်းမှာ လုံခြုံရေးကို မထိခိုက်တဲ့နေရာ အကုန်လုံးကို လုပ်ခွင့်ပေးပါတယ်။ ပြီးလို့ရှိရင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ဝင်ရောက်မစွက်ဖက်ဖို့ ဝင်ရောက်နှောင့်ယှက်မှု မပြုလုပ်ဖို့ ကျနော်တို့ ညွှန်ကြားထားတယ်။ နောက်တစ်ခုက ပြည်သူလူထုတွေ ကလဲ မဲပေးပိုင်ခွင့်ရှိတယ်။ သူတို့ဆန္ဒအရ ကြိုက်တဲ့သူကို မဲပေးနိုင်တယ်။ သူတို့ကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိတယ် ဆိုတာ ကို ရှင်းပြထားပြီး ဖြစ်ပါတယ်။
မေး။ ။ မတရားအသင်းက ပယ်ဖျက်ပြီးသွားရင် တပ်ဖွဲ့ဝင်တွေ မဲပေးခွင့်ရရှိအောင် ဘယ်လိုလုပ်မလဲ။
ဖြေ။ ။ ကျနော်တို့က အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး။ ကျနော်တို့ဒေသမှာ မဲပေးပိုင်ခွင့်မပြောနဲ့ မှတ်ပုံတင်တောင် မရှိတာ။ မှတ်ပုံတင်လုပ်ဖို့ဆိုတာ အချိန်ကမပေးခဲ့ဘူး။ အခု အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင် ပေးမယ်ဆိုရင်တော့ လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေ တောထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ မှတ်ပုံတင်တွေ လုပ်လို့ရမယ်ဆိုရင် မဲပေးခွင့်ရှိမှာပါ။ အခုလောလောဆယ်မှာတော့ တော်တော်များများက မဲပေးပိုင်ခွင့် မရှိဘူး။
မေး။ ။ ဖြည့်စွက်ပြောဖို့ရှိရင် ပြောပြပေးပါ။
ဖြေ။ ။ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ကတော့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ကြတော့မယ်။ ရေးထိုးပြီးရင် စာချုပ်မှာပါတဲ့ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ လက်တွေ့ပြရမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အစိုးရက အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်က တကယ့် မျှော်မှန်းသလိုဖြစ်ဖို့က တာဝန် ရှိတယ်။ ဒီလိုဖြစ်မှလဲ ပြည်သူလူထုက ယုံကြည်မှုရှိမယ်။ ငြိမ်းချမ်းရေးကိုလဲ သွားမယ်။ ငြိမ်းချမ်းရေး တည်ဆောက်တယ် ဆိုတာက အခက်အခဲလဲရှိတယ်။ အချိန်လဲ ယူရမှာဖြစ်တယ်။

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...