Thursday, 1 October 2015

NCA လက်မှတ်ထိုးမည့်အဖွဲ့ များအပေါ် မထိုးသည့်အဖွဲ့ များ ထင်မြင်ချက်

UNFC ထဲက ရခိုင်တို့ရဲ့ ALP, ချင်းတို့ရဲ့ CNF နဲ့ ပအိုဝ်းတို့ရဲ့ PNLO တို့က KNU, DKBA, KNLA-PC, ABSDF တို့နဲ့ ပူးပေါင်းပြီး အပစ်ရပ်ကို သီးခြားလက်မှတ်ထိုးကြမှာ ဖြစ်ကြောင်း သိရတယ်။ ဇင်းမယ်အစည်းအဝေးတက်တဲ့ (၁၇)ဖွဲ့အနက် (၇)ဖွဲ့က လမ်းခွဲသွားခြင်းပါ။ ဦးအောင်မင်းကတော့ မွန်တွေကို ပြောပြရာမှာ (၈)ဖွဲ့အထိ လက်မှတ်ထိုးဖို့ ရှိတယ်လို့ ဆိုပါတယ်။ နောက်တစ်ဖွဲ့က ဘာအဖွဲ့ ဖြစ်မလဲ။ RCSS ဖြစ်ဖို့များတယ်လို့ ခန့်မှန်းကြပါတယ်။
ထူးဆန်းတာက KNU နဲ့အတူ လက်မှတ်ထိုးမှာ သေချာတယ်လို့ တွက်ထားတဲ့ RCSS/SSA က မင်းအောင်လှိုင်တပ်ရဲ့ ရက်သတ္တပတ်ကြာ လေကြောင်း၊ ကြည်းကြောင်းထိုးစစ်ဆင်မှုကြောင့် အပစ်ရပ်လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးဘဲ ရှိနေပါတဲ့အချက်ပါ။ အစိုးရဟာ နောက်ဆုံးမှာ RCSS နဲ့ ကစားဖို့ ပအိုဝ်းနဲ့ ဝကို အသုံးချဖို့ ရှိနေပါတယ်။ အရင်တုန်းကလည်း RCSS ကို ရန်စနေကျပါ။ သွေးခွဲအုပ်ချုပ်ရေးမူအရ ဝနဲ့ RCSS တိုက်ကြအောင်လည်း သွေးထိုးပေးခဲ့တာပါပဲ။
RCSS နဲ့အတူ လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးတဲ့ အဖွဲ့များမှာ NDAA (မိုင်လား)၊ SSPP (ရှမ်း)၊ KIO (ကချင်)၊ KNPP (ကရင်နီ)၊ NMSP (မွန်)၊ MNDAA (ကိုးကန့်)၊ TNLA (တအာင်း)၊ AA (ရခိုင်)၊ ANC (ရခိုင်)၊ LDU (လာဟူး)၊ WNO (ဝ)၊ UWSA (ဝ)၊ NSCN-K (နာဂ) တို့ ဖြစ်တယ်။ လူများစု မထိုးကြဘူးလို့ ပြောလို့ ရပါတယ်။ ဒီအဖွဲ့တွေသာ လက်မှတ်မထိုးဘဲ ဒီအတိုင်း နေသွားကြရင် သိန်းစိန်အစိုးရဟာ လူအနည်းငယ်ကိုပဲ ယုံကြည်အောင် စည်းရုံးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဦးအောင်မင်းကတော့ အပစ်ရပ်ကို လက်မှတ်မထိုးလည်း နိုင်ငံရေးဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်လို့ ရတယ်လို့ မွန်ပြည်နယ်လာတုန်း ပြောသွားပါတယ်။ ဒီစကားမှန်ရင် သူဟာ ငြိမ်းချမ်းရေးသမားမဟုတ်ဘူး။ ပြည်တွင်းစစ်မီးကို မွှေးမဲ့သူသာ ဖြစ်မယ်။ အပစ်မရပ်တဲ့အဖွဲ့တွေက နိုင်ငံရေးဆွေးနွေးပွဲကို လေ့လာသူအဖြစ်နဲ့သာ တက်ရောက်ကြမလားဆိုတာ မဆုံးဖြတ်ရသေးပါ။ တင်းပြည့်ဆွေးနွေးခွင့်ရမှသာ တက်ရောက်သင့်ပါတယ်။ တင်းပြည့်ဆွေးနွေးခွင့်မရပါက တက်ရောက်စရာအကြောင်းမရှိပါ။ အဆိုပါအဖွဲ့(၇)ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရက လူမျိုးတန်းတူရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ကြမယ်ဆိုရင် ဒါဟာ ဘုရားပေးတဲ့ ကောင်းချီးပါပဲ။ ကျန်အဖွဲ့တွေက အပစ်ရပ်စရာလည်း မလို၊ ဆွေးနွေးစရာလည်း မလိုဘဲ တန်းတူအခွင့်အရေးကို ရရှိနိုင်ကြမယ်ဆိုရင် ဒါဟာ အဆိုးမဟုတ်ပါဘူး။
ဒါပေမဲ့ ပြည်တွင်းစစ်ပြဿနာဆိုတာ အင်မတန်နက်နဲတဲ့ ပြဿနာဖြစ်တယ်။ ရသမျှတိုင်းရင်းသားတွေကို လက်နက်ချခိုင်းဖူးတာ ရှိသလို တိုင်းရင်းသားတွေကလည်း တပ်ပေါင်းစုအနေနဲ့မဟုတ်ဘဲ အပစ်ရပ်ခဲ့ဖူးတာလည်း ရှိပါတယ်။ ကွက်ကြားဖြေရှင်းလို့ ရတဲ့ ပြဿနာ မဟုတ်တော့ လူမျိုးတန်းတူရေးရရှိအောင် တန်းတူမူဝါဒ မထားတဲ့ အဖွဲ့ဟာ မရိုးသားတာပဲ။ အပစ်ရပ်ကို တစ်နိုင်ငံလုံးလို့ ပြောပြီး အကြောင်းပြချက်ပေးချင်သလို ပေးကာ တိုင်းရင်းသားအဖွဲ့အချို့ချန်ထားချင်တဲ့ အစိုးရကို ရိုးသားတယ်လို့ မိမိတို့မယူဆသလို အစိုးရနဲ့ သီးခြားလက်မှတ်ထိုးမဲ့အဖွဲ့တွေကလည်း အခြားတိုင်းရင်းသားလူမျိုးများအပေါ် သစ္စာစောင့်သိမှု ရှိတယ်လို့ မိမိတို့မယူဆပါ။ ဒီတော့ မသမာသူအချင်းချင်း ဖြေရှင်းကြမဲ့ ပွဲပါပဲ။
KNU ဟာ UNFC ကိုလည်း မတည်မငြိမ် ဖြစ်အောင် အများကြီး လုပ်ခဲ့ပါတယ်။ NCCT ကိုလည်း မတည်ငြိမ်အောင် အမြဲ လုပ်ခဲ့ပါတယ်။ အခု SD ကို ဦးဆောင်ခိုင်းတော့ ရန်သူနဲ့ ပေါင်းသွားပါလေရောပဲ။ ဒီစကားကို ပြောရင် အစွန်းအထင်းတော့ နည်းနည်းရှိတယ်။ ဖြစ်ရပ်မှန်ကတော့ ဒီသဘောပါပဲ။ ဦးအောင်မင်းက လက်ရှိ NCA ကို မွန်အမျိုးသားဖြစ်တဲ့ နိုင်ဟံသာက ဦးဆောင်တဲ့နေရာကနေ လုပ်ခဲ့ကြောင်း၊ အပစ်မရပ်ရင် ဦးဆောင်တဲ့နေရာကို ဆုံးရှုံးသွားမှာဖြစ်ကြောင်း သွေးခွဲစကား ပြောပါတယ်။ ဝါရှင်တန်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးတောင် မိမိတို့လောက် သံတမန်စကား မပြောတတ်မှတော့ ဦးအောင်မင်းတို့စကားကို ဗွေယူမနေတော့ပါ။
NCCT ဥက္ကဋ္ဌနေရာကို ဆရာနိုင်ဟံသာ တာဝန်ယူပြီး NCA ရုပ်လုံးပေါ်တဲ့အထိ အခြားတိုင်းရင်းသားအင်အားစုများနဲ့ အတူတူ ကြိုးစားခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတစ်ဦးထဲမဟုတ်ဘူး။ အားလုံးက တန်းတူလုပ်ခဲ့တယ်။ SD ပေါ်လာခဲ့တော့ သူက ဦးဆောင်သူ မဟုတ်တော့ဘူး။ နော်စီဖိုးရာစိန်က ဦးဆောင်သူ ဖြစ်သွားတယ်။ ဒါ ဘာထူးသလဲ။ လူမျိုးတန်းတူရေး၊ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် လုပ်တဲ့နေရာမှာ ဘယ်သူက ဦးဆောင်မှာလဲ အရေးမကြီးဘူး။ ဦးဆောင်သူ ပြောင်းနိုင်တယ်။ မြန်မာအစိုးရက ဦးဆောင်သူ အကိုကြီးနေရာမှာ လက်မလွှတ်ချင်လို့ အခုထိ ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်တာပါ။ ညီအကိုစိတ်ဓာတ်ရှိတယ်ဆိုရင် ချင်းအဖွဲ့က အဖွဲ့ငယ်ပေမဲ့ ဦးဆောင်သွားတာလည်း ဘာမှ နစ်နာစရာမရှိ။
အခု SD ကို KNU အဖွဲ့နဲ့ ချင်းအဖွဲ့တို့ ဦးဆောင်တယ်။ အားလုံးကို ဦးဆောင်ပြီး လက်မှတ်ကို မထိုးနိုင်ရင် ဒါဟာ SD ရဲ့ ညံ့ဖျင်းမှုပါပဲ။ KNU က တိုင်းရင်းသားအားလုံးကို ဦးဆောင်မှုပေးတဲ့အခန်းကဏ္ဍကို လက်လွှတ်လိုက်ရတာ ဖြစ်တယ်။ KNU က ချန်ထားလို့ ဝမ်းနည်းနေကြမယ်၊ အစိုးရက ချန်ထားလို့ စိတ်မကောင်း ဖြစ်နေကြမယ်လို့ တွက်ထားကြရင် ဒါဟာ ကလေးကွက်မျှသာ ဖြစ်တယ်။ နိုင်ငံရေးနဲ့စစ်ရေးမှာ ခြေလှမ်းတစ်ကွက် မှားခဲ့ရင် တစ်နှစ်ထဲနဲ့ ပြန်ပြင်လို့ မရဘူး။ နှစ်ပေါင်းများစွာပါပဲ။ KNU ဟာ အမှားဘယ်လောက်လုပ်ခဲ့လဲ ပြောနေရတာ မဟုတ်ဘူး။ ဒါပေမဲ့ SD ကို ဦးဆောင်ရမဲ့အစား ဖျက်ဆီးသွားတယ်လို့ပဲ မြင်တယ်။ အနည်းဆုံး ဒီတစ်ချက်ကို မိမိတို့မှာ ပြောပိုင်ခွင့် ရှိတယ်။
ဒီတော့ အလုပ်တစ်ခု လုပ်ရင် Legitimacy လိုတယ်။ UNFC, NCCT, SD စတဲ့ အဖွဲ့တွေဟာ တိုင်းရင်းသားတို့ရဲ့ အိမ်ကြီးနဲ့ တူတယ်။ အဲဒါကို ဖျက်ပြီး ရသမျှ သစ်စ ဝါးစကို သယ်ကာ နေပြည်တော်မှာ အိမ်သွားဆောက်ချင်တယ်ဆိုရင် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်မယ်။ နေပြည်တော်မှာ နယ်မချဲ့ဘဲ အစိုးရနဲ့ ပေါင်းပြီး တိုင်းရင်းသားအချင်းချင်း အမြတ်ထုတ်ဖို့ ကြံခဲ့ရင် လူမျိုးတိုင်းဟာ ခုခံတော်လှန်တိုက်ခိုက်ဖို့ အခွင့်အရေးရှိတယ်။ KNU အနေနဲ့ ကိုယ် ဘာလုပ်နေလဲ သိဖို့ ကောင်းတယ်။ တနသာင်္ရီမှာ ပြည်ခိုင်ဖြိုးတို့ ပေးတဲ့ ပိုက်ဆံကို ရယူပြီး NLD ကို မဲမပေးအောင် လုပ်တာကအစ လုပ်သင့်တာ မဟုတ်ဘူး။ ဒီအချက် မိမိတို့မှာ ခိုင်လုံတဲ့ သတင်းရှိတယ်။ အဖွဲ့ကြီးတိုင်းဟာ ကိုယ်နဲ့ တန်တဲ့ သဘောထားကြီးမှု ထားရမယ်။ အင်အားကြီးလေ သဘောထားကြီးရလေပါပဲ။ အဲ့လိုမထားဘဲ ကလေးကလားဆန်နေရင် ကျဆုံးခန်းနဲ့ပဲ တိုးမှာ သေချာကြောင်းပါ။
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...