Tuesday, 6 October 2015

မဲဆွယ်ခွင့် ရပ်ဆိုင်းထားသော RCSS ထိန်းချုပ် နယ်မြေများ ပြန်လည်ခွင့်ပြု

ရှမ်းပြည်နယ်ရှိ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ထိန်းချုပ်နယ်မြေများ အတွင်း၌ မဲဆွယ်မှု ခေတ္တရပ်ဆိုင်း ထားရာ မှ ပြန်လည်ခွင့်ပြု၍ နိုင်ငံရေးပါတီများ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ခိုလမ်၊ ကျောက်မဲ၊ မိုင်းပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေး မြို့နယ်များ အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ခေတ္တရပ်ဆိုင်း ထား ရန် RCSS က ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
RCSS က မဲဆွယ်စည်းရုံးခွင့် ရပ်ဆိုင်းထားသည့် နေရာများတွင် ပြန်လည်စည်းရုံးနိုင်ပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ပါတီများကို အောက်တိုဘာလ ၁ ရက်က အသိပေး အကြောင်းကြားလာသည်ဟု ရွေးကောက်ပွဲတွင် ထို နယ်မြေ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) က ပြောပြသည်။
“ကျနော်တို့ကို ပြန်လည် ရုပ်သိမ်းပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မိတ္တူ ပို့ပေးထားတယ်။ မဲဆွယ်ခွင့် ပိတ်ထားတုန်းကတော့ သူတို့ခွင့်ပြုတဲ့ နေရာတွေမှာပဲ မဲဆွယ်တာပေါ့။ ကျနော်တို့ရဲ့ လုံခြုံရေးအခြေအနေကလည်း ရှိသေးတယ် ဆိုတော့လေ။ အဓိကကတော့ မြို့ပေါ်တွေပေါ့။ အခုတော့ မဲဆွယ်လို့ရပြီဆိုတော့ မဲဆွယ်စည်းရုံးရေးကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ရှိတယ်”ဟု SNDP မှ ဦးစိုင်းလှကျော်က ပြောသည်။
အလားတူ မဲဆွယ်ခွင့် ခေတ္တပိတ်ထားသည့် ရက်များအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အနေနှင့် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို ပုံမှန်အတိုင်း သွားရောက်မဲဆွယ်မှုများ ရှိနေကြောင်းနှင့် ယခုကဲ့သို့ ပြန်လည်လုပ်ဆောင်ခွင့် ရသည့်အတွက် လည်း မဲဆွယ်စည်းရုံးရေး ကို ထပ်မံမြှင့်တင်သွားမည် ဖြစ်ကြောင်း NLD ပါတီ ကျောက်မဲ မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးတင်မောင်သိန်းကလည်း ပြောဆိုသည်။
“ကျနော်တို့ သွားနေတဲ့ နေရာတွေမှာလည်း သူ့နေရာနဲ့သူမှာ တပ်တွေအသီးသီး ရှိပါတယ်။ ဒါပေမယ့် သူတို့တွေ ကျနော်တို့သွားနေ တာကို အနှောင့်အယှက် ပေးတာမျိုးတော့ မရှိပါဘူး။ သူတို့ ဖြစ်စဉ်က ရှမ်းတောင်ဘက်ခြမ်းမှာ နှစ်ဘက်ထိတွေ့မှုတွေ ပြင်းပြင်း ထန် ထန် ဖြစ်ပြီးတော့မှ ဒီဘက်ကို ဂယက်ရိုက်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ကျနော်တို့ ဆက်ပြီးလည်း မဲဆွယ်မှုတွေ လုပ်ဆောင် သွားမှာပါ”ဟုလည်း ဦးတင်မောင်သိန်းက ဆိုသည်။
RCSS က မဲဆွယ်ခွင့် ပိတ်ပင်ထားသည့် နယ်မြေများတွင် အဓိက ယှဉ်ပြိုင်ရမည့် ပါတီများမှာ SNDP ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)နှင့် NLD ပါတီတို့ ဖြစ်သည်။
SNLD အနေဖြင့် မဲဆွယ်စည်းရုံးခွင့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်နေပြီး မဲဆွယ်နိုင်သည့်နေရာ အများစုတွင် နယ်မြေခံ ပါတီဝင် ကိုယ်စားလှယ်လောင်းများက ပုံမှန်မဲဆွယ်စည်းရုံးမှုများ ရှိနေကြောင်း SNLD မှ ဦးစိုင်းညွှန့်လွင်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ် ၀မ်ကောင်းကျေးရွာ အနီးတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ပြောက်ကျားတပ်ဖွဲ့များရှိရာ နေရာများတွင် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်သလို တဘက်ကလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း RCSS/SSA ဘက်က ပြောဆို ထား သည်။
ထိုသို့ နယ်မြေ မငြိမ်ချမ်းမှုကြောင့် RCSS က ပါတီများကို မဲဆွယ်စည်းရုံးခွင့် ခေတ္တ ရပ်ဆိုင်းခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက RCSS ၏ ခိုလမ်မြို့နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဆက်ဆံရေးရုံး တာဝန်ခံနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းမင်းထွန်းတို့ ကွန်ဟိန်းမြို့နယ်တွင် တွေ့ဆုံခဲ့ပြီး တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် နှစ်ဘက်သဘောတူ ကတိပြုခဲ့ခြင်းဖြစ်ကြောင်း RCSS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၌ အောက်တိုဘာ ၄ ရက်တွင် ပြည် ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ တွေ့ဆုံခဲ့ရာတွင် RCSS/SSA ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...